ပါကစ္စတန်တွင် ဆင်ဓီလူမျိုးစုဝင်လူငယ် အသတ်ခံရမှုဖြစ်စဉ်ကြောင့် အာဖဂန်များ တရားမဝင် ရောက်ရှိနေသည့် ကိစ္စထွက်ပေါ်လာ

By The Print
20 July 2022
ပါကစ္စတန်တွင် ဆင်ဓီလူမျိုးစုဝင်လူငယ် အသတ်ခံရမှုဖြစ်စဉ်ကြောင့် အာဖဂန်များ တရားမဝင် ရောက်ရှိနေသည့် ကိစ္စထွက်ပေါ်လာ

ပါကစ္စတန်နိုင်ငံ ဟိုင်ဒါရာဘတ်မြို့ ဟိုတယ်တစ်ခု၌ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက ဘီလယ် ကာကာ အမည်ရှိ ဆင်ဓီလူမျိုးစုဝင် လူငယ်တစ်ဦးကို အာဖဂန်များက သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုကြောင့် ဆင်းဒ်ပြည်နယ်၌ တရားမဝင် အာဖဂန်များ ရှိနေမှု အရေးကိစ္စကို ထင်သာမြင်သာ ဖြစ်စေခဲ့သည်။

ဘီလယ် ကာကာသည် ကုရ်ဘာနီးအီးဒ်ပွဲတော်အချိန်ကာလအတွင်း စားသောက်ဆိုင်တစ်ဆိုင်၌ အစားအသောက် ကျသင့်ငွေ အငြင်းပွားမှုတစ်ခုကြောင့် ပထန်များ၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။

ဟိုင်ဒါရာဘတ်မြို့ရှိ အထင်ရှားဆုံးနေရာတစ်ခု ဖြစ်သော ဟိုင်ရာဒါဘတ် မြို့ရှောင်လမ်းအနီး ဝက်ဒ်ဟူ ဝါဟ် အရပ်အနီးရှိ Super Salateen ဟိုတယ်၌ အစားအသောက် ကျသင့်ငွေတစ်ခုနှင့်ပတ်သက်ပြီး စကားများပြီးနောက် ဟိုတယ်ပိုင်ရှင်များက ဘီလယ်ကို ပစ်သတ်ကာ ၎င်း၏ သူငယ်ချင်းနှစ်ဦးကို ဒဏ်ရာရစေခဲ့ခြင်း ဖြစ်သည်ဟု ပြည်တွင်း သတင်းများက ဖော်ပြကြောင်း Daily Pakistan က ဖော်ပြသည်။

တရားမဝင် နေထိုင်သော အာဖဂန်များသည် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းနှင့် အတိုးနှုန်းမြင့်မားစွာဖြင့် ငွေချေးခြင်း တို့တွင် ပါဝင်ပတ်သက်နေသည်ဟု ပြည်တွင်းမီဒီယာက ဖော်ပြသည်။ ထို့ပြင် ၎င်းတို့သည် ဆင်ဓီလူငယ်များကို သတ်ဖြတ်ရာတွင် ပါဝင်ပတ်သက်ခဲ့သည်ဟုလည်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

ရဲတပ်ဖွဲ့နှင့် အခြားသော ဥပဒေစိုးမိုးရေးဌာနများမှ တာဝန်ရှိသူများသည် ယင်းကဲ့သို့သော လူစုများကို အရေးယူခြင်း မရှိဟု ပြည်တွင်း မီဒီယာက ထောက်ပြခဲ့သည်။

ဘီလယ် ကာကာ၏ ဖြစ်စဉ်က သီးခြား ဖြစ်စဉ်တစ်ခု မဟုတ်ဘဲ ယင်းက ဆင်းဒ်ပြည်နယ်ထဲသို့ အပြင်လူများ စုပြုံရောက်ရှိခြင်း၏ ရလဒ်တစ်ခု ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဆင်းဒ်ပြည်နယ်ထဲသို့ အပြင်လူများ စုပြုံဝင်ရောက်မှုကိစ္စကို ဖြေရှင်းရန် ငြိမ်းချမ်းသော နိုင်ငံရေး လှုပ်ရှားမှုများက တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required