ချင်းပြည်နယ်တွင် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ဖွဲ့ ၀င်၂၀၀ နီးပါးသေဆုံးဟု CJDF ထုတ်ပြန်

ချင်းပြည်နယ်တွင် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ဖွဲ့ ၀င်၂၀၀ နီးပါးသေဆုံးဟု CJDF ထုတ်ပြန်

ဖေဖော်ဝါရီ ၃

ချင်းပြည်နယ်တွင် နယ်မြေခံ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် ဇန်နဝါရီလ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉၇ ဦး သေဆုံးသွားကြောင်း ချင်းပြည်ပူးပေါင်းကာကွယ် ရေးကော်မတီ (CJDF) က ယနေ့ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီက အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်နေသော ချင်းပြည်နယ် မြို့နယ် ရှစ်မြို့နယ်တွင် ဇန်နဝါရီလအတွင်း ဒေသကာကွယ်ရေး CDF ပူးပေါင်းတပ်ဖွဲ့ဝင်များ အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၇၁ ကြိမ် ဖြစ်ပွားခဲ့ပြီး မတူပီမြို့နယ်တွင် တိုက်ပွဲပေါင်း ၂၉ ကြိမ်အထိ အများဆုံးရှိခဲ့ကာ မင်းတပ်မြို့နယ်တွင် ဒုတိယအများဆုံး တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများအတွင်း ဒဏ်ရာရရသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၈ ဦးရှိပြီး မြေပြင်တွင် ယင်းထက် အရေအတွက်များနိုင်သည်ဟု CJDF က ဆိုသည်။

ယင်းအပြင် တိုက်ပွဲများအတွင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဘက်က ၁၈ ဦးကျဆုံးပြီး ဒဏ်ရာရရှိသူ ၂၀ ဦးရှိခဲ့ကြောင်း CJDF က ထုတ်ပြန်သည်။

မတူပီမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့နှင့် ၇ ရက်နေ့က အာဏာသိမ်းစစ်တပ်နှင့် CDF မတူပီတို့အကြား ဖြစ်ပွားသည့်တိုက်ပွဲတွင် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ခရီးသွားပြည်သူ ၁၁ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး တောတွင်းတစ်နေရာတွင် သတ်ဖြတ်ခဲ့ရာ လူ ၁၀ ဦး၏ အလောင်းကို ဒေသခံများက ရှာတွေ့ခဲ့ကြသည်။

အဆိုပါဒေသခံ အရပ်သားပြည်သူ ၁၁ ဦးအပါအဝင် ဇန်နဝါရီလအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ သတ်ဖြတ်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသွားသည်ဟု CJDF က ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်ကို ရိုးရာအမဲလိုက် တူမီးသေနတ်ကိုင်ဆောင်ပြီး အစောဆုံး တော်လှန်ခဲ့သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များအားကောင်းရာ ချင်းပြည်နယ်တွင် နေ့စဉ်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်ဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required