ကရင်ပြည်နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁၀၀ ကျော်သေဆုံး၊ ပြည်သူ ၅၀၀,၀၀ ခန့် စစ်ဘေးရှောင်နေရ

ကရင်ပြည်နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁၀၀ ကျော်သေဆုံး၊ ပြည်သူ ၅၀၀,၀၀ ခန့် စစ်ဘေးရှောင်နေရ
Photo- KIC FB

ဇန်နဝါရီ ၇

ကရင်ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ တစ်နှစ်အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁၉၀ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၅၀၀၀၀ ခန့် စစ်ဘေးရှောင်ခဲ့ရကြောင်း KNU က ယနေ့ဇန်နဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်သည့် နှစ်ချုပ်စာရင်းတွင် ဖော်ပြသည်။

တစ်နှစ်အတွင်း KNLA တပ်မဟာ ခုနှစ်ခုပေါင်း တိုက်ပွဲ ၃၁၅,၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၁၉၀ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀၄၈ ဦး ရှိခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲများအတွင်း KNLA) နှင့် KNDO တပ်ဖွဲ့ဝင် ၄၂ ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၃၀ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် KNU တပ်မဟာ (၅) နယ်မြေတွင် တိုက်ပွဲ ၂၆၉၆ ကြိမ် အများဆုံး ဖြစ်ပွားခဲ့ပြီး တပ်မဟာ (၆) နှင့် တပ်မဟာ (၁) နယ်မြေတွင်လည်း တိုက်ပွဲ ပြင်းထန်ခဲ့ကာ KNLA တပ်ဖွဲ့ဝင်များက ပြောက်ကျားနည်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ရေးအသာစီးရပြီး ကျဆုံးမှု နည်းခဲ့ကြောင်း KNU ကဆိုသည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီဘက်က လက်နက်ကြီး အလုံးရေ အချက် ၁၅၀၀ ကျော်ခန့် ပစ်ခတ် ခဲ့မှုကြောင့် လူနေအိမ်များနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ယင်းအပြင် KNU တပ်မဟာ (၃) ၊ တပ်မဟာ (၅) နှင့် တပ်မဟာ (၆) နယ်မြေအတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃၁ ဦး သေဆုံးပြီး ၈၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

တိုက်ပွဲများကြောင့် ပြည်သူ ၅၀၀၀၀ ခန့် နေရပ်အိုးအိမ်များ စွန့်ခွာပြီး ဘေးလွတ်ရာသို့ စစ်ဘေးဒုက္ခသည် အဖြစ် ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly