အနောက်ဖက်ကမ်းမှာ သေနတ်ပစ် သတ်ဖြတ်မှုဖြစ်ပြီး သံသယရှိသူတွေကို အစ္စရေး ရှာဖွေ 

အနောက်ဖက်ကမ်းမှာ သေနတ်ပစ် သတ်ဖြတ်မှုဖြစ်ပြီး သံသယရှိသူတွေကို အစ္စရေး ရှာဖွေ 
Photo - AFP

ဒီဇင်ဘာလ ၁၈ ရက်

ပါလက်စတိုင်းတွေ ပစ်ခတ်မှုကြောင့် အစ္စရေး အခြေချနေထိုင်သူ တစ်ဦး သေဆုံးပြီး အခြား နှစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ အစ္စရေးစစ်တပ်က ပြောပြီး နောက်တစ်ရက် သောကြာနေ့မှာတော့ သိမ်းပိုက်ခံ အနောက်ဖက်ကမ်းမှာ မြေလှန်ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

ပါလက်စတိုင်း ‘အကြမ်းဖက်တွေ’ က တိုက်ခိုက်မှု ကျူးလွန်တာဖြစ်ကြောင်း ပြောဆိုထားတဲ့ အစ္စရေးစစ်တပ်က အရံတပ်ရင်း သုံးရင်းအပြင် အထူးတပ်ဖွဲ့ကိုပါ ဖြန့်ကြက်ထားပါတယ်။ 

“ကျွန်တော်တို့တွေ လူအင်အား၊ နည်းပညာအားနဲ့ ထောက်လှမ်းရေး အင်အားတွေနဲ့ လူဖမ်းပွဲ ဆောင်ရွက်နေပါတယ်”လို့ အစ္စရေး စစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ရန် ကိုချာက 103FM ရေဒီယိုကို ပြောပါတယ်။ 

“ပြီးခဲ့တဲ့ ညက ကျွန်တော်တို့ သံသယရှိသူ တော်တော်များများကို ဖမ်းမိပါတယ်၊ ကျူးလွန်တဲ့ လက်သည်တရားခံတွေကို အနှေးနဲ့ အမြန် ဖော်ထုတ်နိုင်မှာပါ”လို့ သူက ဆိုပါတယ်။ 

ပစ်သတ်ခံရသူဟာ အသက် ၂၅ နှစ်ရှိ အိမ်ထောင်သည် ဖခင်တစ်ဦးဖြစ်တဲ့ ယီဟူဒါဆိုသူ ဖြစ်ကြောင်း သိရပါတယ်။ သူဟာ ဘာသာရေး ကျောင်းသားတစ်ဦးဖြစ်ပြီး အခြေစိုက်အိမ်ရာမှ နေထိုင်သူလည်း ဖြစ်ပါတယ်။ 

သောကြာနေ့က ဂျေရုဆလင်မှာ ပြုလုပ်တဲ့ သူ့ရဲ့ နာရေးကို လူ ၂၀၀၀ နီးပါး လိုက်ပါပို့ဆောင်ကြောင်း အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ဆိုပါတယ်။ 

ပါလက်စတိုင်းတွေက အစ္စရေးတွေကို တိုက်ခိုက်ပြီး အစ္စရေးတပ်ဖွဲ့ဝင်တွေကလည်း ထိပ်တိုက်တွေ့မှုတွေအတွင်း ပါလက်စတိုင်းတွေကို ပစ်ခတ်မှုတွေ ဖြစ်ပွားတဲ့ ပြီးခဲ့တဲ့ လတွေအတွင်း အခု ကြာသပတေးနေ့က ပစ်ခတ်မှုဟာ နောက်ဆုံး ဆူပူအကြမ်းဖက်မှုပဲ ဖြစ်ပါတယ်။ 

အစ္စရေးဟာ အနောက်ဖက်ကမ်းကို ၁၉၆၇ ခြောက်ရက်တာစစ်ပွဲအတွင်း သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ ဂျူး ခုနစ်သိန်းနီးပါးကို အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျေရုဆလင်က အခြေစိုက်အိမ်ရာတွေဆီ ပြောင်းရွှေ့နေထိုင်စေတာ ဖြစ်ပါတယ်။ အစ္စရေး အဲဒီ လုပ်ရပ်ကို နိုင်ငံတကာ အသိုင်းအဝန်းက ဥပဒေမဲ့ လုပ်ရပ်အဖြစ် သတ်မှတ်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly