ပါကစ္စတန် ဆင်းန်ပြည်နယ်တွင် PTI ပါတီခေါင်းဆောင် ပစ်သတ်ခံရ

ပါကစ္စတန် ဆင်းန်ပြည်နယ်တွင် PTI ပါတီခေါင်းဆောင် ပစ်သတ်ခံရ

ပါကစ္စတန်နိုင်ငံ ဆင်းန်ပြည်နယ်တွင် ဝန်ကြီးချုပ် အီမရန် ခန်း၏ ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) မှ ခေါင်းဆောင်တစ်ဦး အသတ်ခံခဲ့ရသည်ဟု ပြည်တွင်းမီဒီယာက နိုဝင်ဘာ ၂၇ ရက်တွင် ဖော်ပြသည်။

ယင်းဖြစ်စဥ်တွင် မည်သူမည်ဝါမှန်း မသိရသော တိုက်ခိုက်သူများက ဆင်းန်ပြည်နယ်၊ ကမ်ဘား ရှာဒတ်ကော့တ် ဧရိယာရှိ PTI ပါတီခေါင်းဆောင် ဆက်ခါဝက်ကို ၎င်းပိုင် ဆန်စက်အတွင်း ရှိနေစဥ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Daily Pakistan က ဖော်ပြသည်။

ယင်းနောက် အာဏာရပါတီ၏ ဆင်းန်ပြည်နယ်ဆိုင်ရာ ခေါင်းဆောင်ကို ဒေသရှိ ဆေးရုံတစ်ခုသို့ ချက်ချင်း ပို့ဆောင်ခဲ့ပြီး ယင်းနောက် သေဆုံးသွားခဲ့ကြောင်း Daily Pakistan က ဖော်ပြသည်။

တိုက်ခိုက်မှု ကျူးလွန်ပြီးနောက် တိုက်ခိုက်သူများသည် နေရာကနေ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

သေဆုံးသွားသည့် အာဏာရပါတီ ခေါင်းဆောင်သည် ဆင်းန်ပြည်နယ်တွင် PTI ပါတီအတွက် အားထားရသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းနှင့် ဆန်စက်အသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သည်ဟု သိရသည်။

ယင်းနောက် ဆက်ခါဝက် အသတ်ခံရမှုအတွက် ဆင်းန်ပြည်နယ်လွှတ်တော်မှ အတိုက်အခံ ခေါင်းဆောင် ဟယ်လင်းမ် အဒီလ် ရှိတ်ခ်က အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့ပြီး ပူဆွေးဝမ်းနည်းနေကြသည့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူခံစားရကြောင်း ပြောခဲ့သည်။

ထို့ပြင် ဆွန်နီ ဂိုဏ်းဂဏအဖွဲ့တစ်ခုဖြစ်သည့် SSP Shahadatkot သည် ဥပဒေကို လေးစားလိုက်နာခြင်း မရှိဘဲ ဝေးလံသည့် ဧရိယာတွင် ရာဇဝတ်သားများကို အားပေးကူညီနေသည်ဟု ရှိတ်က စွပ်စွဲသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly