ပါကစ္စတန် နိုင်ငံရေးစုဝေးပွဲ၌ အသေခံဗုံးခွဲမှုကြောင့် လူ ၄၀ ကျော် သေဆုံး

ပါကစ္စတန် နိုင်ငံရေးစုဝေးပွဲ၌ အသေခံဗုံးခွဲမှုကြောင့် လူ ၄၀ ကျော် သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဇူလိုင် ၃၀ ရက်က အစ္စလမ္မစ် ပါတီတစ်ခု၏ နိုင်ငံရေးစုဝေးပွဲတစ်ခု၌ အသေခံဗုံးခွဲမှုကြောင့် လူ ၄၄ ဦးထက်မနည်း သေဆုံးပြီး လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာများ ရသွားကြောင်း တာဝန်ရှိသူများက ပြောသည်။

ယခု ဗုံးခွဲတိုက်ခိုက်မှုက ဩဇာရှိ အယူသဘောထားပြင်းထန်သူ ဘာသာရေးခေါင်းဆောင်တစ်ဦး ဦးဆောင်သည့် အစိုးရညွန့်ပေါင်းမိတ်ဖက် ပါတီတစ်ခုဖြစ်သော Jamiat Ulema-e-Islam-F (JUI-F) ပါတီကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ အာဖဂန်နယ်စပ်အနီးရှိ ခါးမြို့၌ ရွက်ဖျင်မိုးကာတဲနေရာတစ်ခုအောက် ထို ပါတီ ထောက်ခံသူ ရာချီ စုဝေးခဲ့ကြစဉ် အသေခံဗုံးခွဲခံရခြင်း ဖြစ်သည်။

“ပေါက်ကွဲမှုကြောင့် ရွက်ဖျင်တဲက တစ်ဖက်မှာ ပြိုသွားတယ်။ အဲဒီမှာ ထွက်ပြေးလွတ်မြောက်ဖို့ အသည်းအသန် ကြိုးပမ်းခဲ့ကြသူတွေကို ပိတ်မိသွားစေခဲ့တယ်” ဟု ထိခိုက်သူများကို ကူညီရန် ကြိုးပမ်းခဲ့သည့် အဗ္ဗဒူလာ ခန်းက ပြောသည်။

“ဖြစ်စဉ် ဖြစ်တော့ လုံးဝကို ဝရုန်းသုန်းကား ဖြစ်သွားခဲ့တယ်။ ဧရိယာတစ်ခုလုံးမှာ လူ့အသားစတွေ၊ လက်ပြတ်ခြေပြတ်တွေ၊ လူ့ခန္ဓာကိုယ်အပိုင်းစတွေ ပြန့်ကျဲပြီး အသက်မရှိတော့တဲ့ အလောင်းတွေကို တွေ့ရတယ်”ထိခိုက်ဒဏ်ရာရရှိမှု အတိုင်းအတာက ကြောက်မက်ဖွယ်ကောင်းသည်ဟု ပေါက်ကွဲမှုကြောင့် လက်အရိုးကျိုးသွားသည့် ပါတီထောက်ခံသူတစ်ဦးဖြစ်သော အသက် ၂၄ နှစ်ရှိ ဆာဘီး အူလာက ပြောသည်။

“ပေါက်ကွဲမှုဖြစ်ပြီးတော့ ခြေလက်တွေ ပြတ်နေတဲ့ လူတစ်ယောက်ဘေးမှာ လဲကျနေတာကို ကိုယ့်ကိုယ့်ကိုယ် သိလိုက်ရတယ်။ လေထဲမှာလည်း လူ့အသားစအနံ့တွေနဲ့ မွှန်နေတာပဲ” ဟု ၎င်းက အေအက်ဖ်ပီကို ဖုန်းဖြင့် ဖြေသည်။

ထိခိုက်သေဆုံးသူဦးရေက ဆက်လက်မြင့်တက်နေပြီး လက်ရှိအချိန်အထိ လူ ၄၄ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရထားသည်ဟု အတည်ပြုထားနိုင်ကြောင်း ခိုင်ဘာ ပက်တွန်ခဝါပြည်နယ် ကျန်းမာရေးဝန်ကြီး ရီယာ့ဇ် အန်ဝါက အေအက်ဖ်ပီကို ပြောသည်။

“ဒါက အသေခံတိုက်ခိုက်မှုပါ။ အသေခံဖောက်ခွဲရေးသမားတစ်ယောက်က စင်မြင့်နဲ့ ကပ်လျက်မှာ သူ့ကိုယ်သူ ဖောက်ခွဲသွားတာပါ” ဟု ၎င်းက ပြောသည်။

ပေါက်ကွဲမှုဖြစ်ချိန်တွင် အဆိုပါနေရာတွင် လူ ၄၀၀ ခန့် ရှိနေခဲ့ကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပြီးနောက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ ရောက်သွားခဲ့ကြကြောင်း ပါကစ္စတန် မီဒီယာများက ဖော်ပြသည်။

ပါကစ္စတန်တွင် လာမည့် အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာတွင် ကျင်းပဖွယ်ရှိသည့် ရွေးကောက်ပွဲများ မတိုင်မီ လာမည့် သီတင်းပတ်များတွင် နိုင်ငံ၏ အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းသွားတော့မည် ဖြစ်သည်။ နိုင်ငံရေးပါတီများသည်လည်း မဲဆွယ်စည်းရုံးမှုများအတွက် ပြင်ဆင်လျက် ရှိသည်။

ပြီးခဲ့သည့် တနင်္ဂနွေ ညနေပိုင်းက မြို့တော်သို့ ရောက်ရှိခဲ့သည့် တရုတ်ဒုဝန်ကြီးချုပ် ဟယ်လီဖန်း အပါအဝင် တရုတ်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ခု၏ ပါကစ္စတန်ခရီးစဉ်နှင့် ယခုပေါက်ကွဲမှုဖြစ်ပွားခြင်းက တိုက်ဆိုင်လျက်ရှိသည်။

တနင်္ဂနွေနေ့တွင် ဖြစ်ပွားသော အသေခံဗုံးခွဲမှုဖြစ်စဉ်အပေါ် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က ဝေဖန်ရှုတ်ချခဲ့ပြီး ထိခိုက်သေဆုံးသူများအတွက် စိတ်ထိခိုက်ဝမ်းနည်းကြောင်း ပြောဆိုကာ တာဝန်ရှိသည့် လက်သည်တရားခံများကို ပြစ်ဒဏ်ခတ်သွားမည်ဟု ပြောဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly