မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် အင်တာနက်လိုင်းများ ပြတ်တောက်နေ

မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် အင်တာနက်လိုင်းများ ပြတ်တောက်နေ

စက်တင်ဘာ ၁၄

မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် ယနေ့ စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက စတင်ပြီး မိုဘိုင်းအင်တာနက်လိုင်းများ အားလုံး ပြတ်တောက်နေကြောင်း ဒေသခံများထံက သိရသည်။

အင်တာနက် ပြတ်တောက်နေသည့် မြို့နယ်များမှာ မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ခြောက်ခုတွင် ယနေ့မွန်းလွဲပိုင်းက စတင်ပြီး အင်တာနက်လိုင်များအားလုံး ပြတ်တောက်နေကြောင်း ဒေသခံများက အတည်ပြုသည်။

“ နေ့လည် ၁၂ နာရီလောက်ကနေ စပြီး မိုဘိုင်းအင်တာနက်လိုင်းတွေမရတော့တာ ။ တယ်လီနော်ကတော့ ၂ နာရီခွဲလောက်ကမှ ပြတ်သွားတယ်။ ကျန်တဲ့လိုင်းတွေအားလုံးက နေ့လည်ကတည်းက ပြတ်သွားတာ။ အားလုံးလည်း လန့်နေကြတယ် ”ဟု တောင်တွင်းကြီးဒေသခံ တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မိုဘိုင်းအင်တာနက်လိုင်း ဖြတ်တောက်ခံရသည့် မြို့နယ်ခြောက်ခုမှာ ကနီ၊ ပုလဲ၊ ဘုတလင်၊ ယင်းမာပင်နှင့် အရာတော်မြို့နယ်တို့ ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နေ ဒေသခံတစ်ဦးက “အော်ရီဒူးက ၁၂ နာရီလောက်မှာ ဖြတ်သွားတာ၊ တယ်လီနောက ၁ နာရီလောက်မှာ ဖြတ်သွားတာ။ ဘယ်လိုင်းမှ မရတော့ဘူး။ လိုင်းဖြတ်တောက်မယ်ဆိုပြီး စာလည်းမဝင်ဘူး” ဟု ပြောသည်။

သို့သော်လည်း မိုဘိုင်းအင်တာနက် ဖြတ်တောက်ထားသည့် မြို့ပေါ်ရပ်ကွက် တချို့တွင် ရိုးရိုးဝိုင်ဖိုင်(Wi-Fi) အင်တာနက်များကို အသုံးပြု၍ ရနေသေးကြောင်း စစ်ကိုင်းတိုင်း အရာတော်မြို့ဒေသခံ တစ်ဦးကလည်း ပြောသည်။

ယခုအင်တာနက်လိုင်းများ ဖြတ်တောက်ခံလိုက်ရသည့် မြို့နယ်များသည် စစ်အာဏာရှင် ဆန့်ကျင်ရေးအား ကောင်းပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များလည်း ဖြစ်သည်။

ယင်းမြို့နယ်များတွင် အာဏာသိမ်းစစ်ကောင်စီက စစ်ဆင်ရေး ပြုလုပ်သွားမည်ဟု သတင်းများလည်း ထွက်ပေါ်လာပြီးနောက် ထိုသို့အင်တာနက်လိုင်းများ ဖြတ်တောက်ခံလိုက်ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly