ဒေသတွင် တည်ငြိမ်မှုမရှိခြင်းကို ဖြစ်စေသည့် အဓိကရင်းမြစ်မှာ တရုတ် ဖြစ်သည်ဟု ထိုင်၀မ် ဖော်ပြ

 ဒေသတွင် တည်ငြိမ်မှုမရှိခြင်းကို ဖြစ်စေသည့် အဓိကရင်းမြစ်မှာ တရုတ် ဖြစ်သည်ဟု ထိုင်၀မ် ဖော်ပြ

ထိုင်၀မ် ရေလက်ကြားတစ်လျှောက် တည်ငြိမ်မှု မရှိခြင်းကို ဖြစ်စေသည့် အဓိက ရင်းမြစ်မှာ တရုတ်နိုင်ငံ ဖြစ်သည်ဆိုပြီး တရုတ် မူ၀ါဒပိုင်းကို ကိုင်တွယ်သည့် ထိုင်၀မ်၏ အဆင့်မြင့်အစိုးရအေဂျင်စီဖြစ်သော ပြည်မကြီးရေးရာ ကောင်စီ (MAC) က လွှတ်တော်သို့ မကြာသေးခင်က ရေးသားတင်သွင်းခဲ့သည့် အစီရင်ခံစာတစ်ရပ်တွင် ပြောထားသည်။

ယင်းသည် ဒေသ၌ တရုတ်ကို မကောင်းသော ဇာတ်ကောင်တစ်ဦးအဖြစ် ထိုင်၀မ် အစိုးရ၏ တစ်သမတ်တည်းဖြစ်သော ဖော်ညွန်းမှုကို ထပ်လောင်းပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။ ထိုင်၀မ် ရေလက်ကြား ဖြတ်ကျော် ဆက်ဆံရေးအတွက် ပေကျင်း၏ တစ်ဖက်သတ် ချမှတ်သော ရလဒ်ကို အတင်းအကျပ် လက်ခံစေရန်အလို့ငှာ ထိုင်၀မ်ကို အကျပ်ကိုင်ရန် တရုတ်က လိမ်ညာလုပ်ဆောင်နေသည်ဟု MAC က စွပ်စွဲခဲ့သည်။

ရေလက်ကြားဖြတ်ကျော် လိပ်ခဲတည်းလည်း အခြေအနေအတွက် ပေကျင်းသည် ထိုင်၀မ်အပေါ် အပြစ်လွှဲချရန် ကြိုးပမ်းထားခဲ့သလို ဒေသတွင်း၌ တင်းမာမှုများ ဖြစ်စေရန် တမင်ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ကြောင်း ယင်းက ပြောသည်။ တစ်ချိန်တည်းမှာပင် တရုတ်သည် စီးပွားရေး မက်လုံးဆွဲဆောင်မှုများဖြင့် ထိုင်၀မ်ကို သိမ်းသွင်းစည်းရုံးရန် ယင်း၏ “စည်းလုံးညီညွတ်သော ရှေ့တန်းမျက်နှာစာ” အားထုတ်မှုများကို ဆက်လုပ်နေသည်ဟု MAC က ပြောသည်။

စည်းလုံးညီညွတ်သော ရှေ့တန်းမျက်နှာစာ မဟာဗျူဟာတွင် တရုတ်နှင့် ထိုင်၀မ်အတွက် ပေါင်းစည်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းကြောင်းသစ်တစ်ခု ရှာဖွေဖော်ထုတ်ခြင်း၊ လူသားများအကြား အပြန်အလှန် ချိတ်ဆက်ပတ်သက်မှုများ၊ စိတ်ခံစားမှုဆိုင်ရာ ပတ်သက်မှုများနှင့် အထူး မက်လုံးဆွဲ‌ဆောင်မှုများကနေတဆင့် ထိုင်၀မ်၏ ပင်ဂိုစွမ်းရည်ရှိသူများ၊ နည်းပညာနှင့် ရင်းနှီးငွေတို့ကို တရုတ်ထံသို့ ဆွဲဆောင်ခြင်း တို့ ပါ၀င်သည်။

ဤနည်းလမ်းနည်းနာများသည် ထိုင်၀မ်ကို ပေကျင်း၏ သဘောဆန္ဒအတိုင်း နာခံစေရေးအတွက် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ရာ ယင်းက ထိုင်၀မ်၏ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေလျက် ရှိကြောင်း MAC က ပြောသည်။ ပေကျင်းသည် ထိုင်၀မ် ရေလက်ကြား၌ မတည်မငြိမ်ဖြစ်စေမှု၏ အရင်းခံ ရင်းမြစ်ပင် ဖြစ်ကြောင်း MAC က ဖော်ညွန်းသည်။

ထိုင်၀မ်အပေါ် နိုင်ငံတကာ၏ အားပေးထောက်ခံမှု တိုးလာနေခြင်းနှင့် ဒေသ လုံခြုံရေးအပေါ် ပေကျင်း၏ အပျက်သဘောဆောင် သက်ရောက်မှုကို ပိုမို အလေးထားအာရုံစိုက်နေမှုကို မြင်တွေ့နေခြင်းအားဖြင့် ပေကျင်းသည် မကြာသေးခင်က ထိုင်၀မ်၏ အခြေအနေနှင့်ပတ်သက်ပြီး ယင်း၏ “အနီရောင်မျဥ်း” ကို မဖြတ်ရန် အမေရိကန်ကို သတိပေးခဲ့ကြောင်း အစီရင်ခံစာတွင် ပြောသည်။

ရည်မှန်းချက်မှာ အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ထိုင်၀မ်နှင့်အကြား ပူးပေါင်းဆောင်ရွက်မှုများတွင် ချိတ်ဆက်ပတ်သက်ခြင်းကနေ တားဆီးရန် ဖြစ်ကြောင်း MAC က ပြောသည်။

ထိုင်၀မ် အရေးကိစ္စ ပြေလည်အောင် ဖြေရှင်းခြင်းက ယင်း၏ အခြေခံကျသည့် အကျိုးစီးပွားများအနက် တစ်ခုဖြစ်ပြီး ယင်းကိစ္စတွင် မည်သည့် ကြား၀င်စွက်ဖက်မှုကိုမှ သည်းခံမည် မဟုတ်ဟု တရုတ်က ပြောထားကြောင်း အစီရင်ခံစာအရ သိရသည်။

ပေကျင်းသည် ထိုင်၀မ် အရေးနှင့်ပတ်သက်ပြီး အပေးအယူညှိနှိုင်းစရာ မရှိဟု ပြောထားသလို တစ်ချိန်တည်းမှာလည်းပဲ ရေလက်ကြားတစ်လျှောက် တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု နှင့် အမေရိကန်-တရုတ် ဆက်ဆံရေးကို ထိခိုက်စေခြင်းကနေ ရှောင်ရန်အတွက် ထိုင်၀မ် ပြဿနာကို နှိုင်းနှိုင်းချိန်ချိန်ဖြင့် လုပ်ဆောင်ရန် တရုတ်က အမေရိကန်ကို တောင်းဆိုထားသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

“တရုတ် တစ်နိုင်ငံတည်း” စည်းမျဥ်းအပေါ် အခြေပြုသည့် “၁၉၉၂ သဘောတူညီချက်” ဆိုင်ရာ ယင်း၏ အဓိပ္ပါယ်ကို ပြန်သွားခြင်းကသာလျင် ရေလက်ကြား ဖြတ်ကျော် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ဖြစ်ထွန်းရရှိလိမ့်မည် ဖြစ်သည်ဆိုပြီး တရုတ်က အမြဲတစေ ပြောဆိုထားခဲ့ကြောင်း အစီရင်ခံစာတွင် ပြောသည်။

ထိုင်၀မ်၏ ဒီမိုကရက်တစ် တိုးတက်ရေး ပါတီ (DPP) အစိုးရသည် “၁၉၉၂ သဘောတူညီချက်” ကို ဘယ်တုန်းကမှ လက်ခံခဲ့ခြင်း မရှိဘဲ အကြောင်းမှာ ယင်းတွင် ထိုင်၀မ်သည် တရုတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု သွယ်၀ိုက်ညွှန်းဆိုသည်ဟု DPP အစိုးရက ရှုမြင်ခြင်းကြောင့် ဖြစ်သည်။

ယခင် ကူမင်တန် (KMT) အစိုးရက ထို သဘောတူညီချက်ကို ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ထိုင်၀မ်-တရုတ် ဆက်ဆံရေးကို ကျောထောက်နောက်ခံပြုသည့် အခြေခံ ဖော်မျူလာအဖြစ် အသုံးပြုခဲ့သည်။

“တရုတ် တစ်နိုင်ငံတည်း” သာ ရှိသည်ဆိုပြီး နှစ်ဘက်စလုံးက သဘောတူထားသော်လည်း မည်သည့်ဘက်ကဖြစ်ဖြစ် ယင်း၏ ဆိုလိုရင်းကို လွတ်လပ်စွာ အဓိပ္ပါယ်ကောက်ယူနိုင်သည် ဆိုပြီး ထိုသဘောတူညီချက်ကို KMT က အဓိပ္ပါယ်ကောက်ယူခဲ့သည်။

MAC ၏ ယခု အစီရင်ခံစာထဲတွင် ထိုင်၀မ်ရေလက်ကြားတစ်လျှောက်ရှိ ပကတိ အခြေအနေမှန်ကို တရုတ်ဘက်က လက်ခံရင်ဆိုင်ရန်၊ ထိုင်၀မ်ရှိ အများပြည်သူ အမြင်သဘောထားကို လေးစားရန်၊ ထိုင်၀မ်နှင့်ပတ်သက်ပြီး အချုပ်အချာအာဏာ တောင်းဆိုမှုများနှင့်ပတ်သက်သည့် ယင်း၏ အခိုင်အမာ ပြောဆိုချက်ကို စွန့်လွှတ်ရန်၊ ထိုင်၀မ်အပေါ် စစ်ရေးနှင့် သံတမန်ရေးဆိုင်ရာ ဖိနှိပ်နေမှုကို လက်လျှော့ရန် MAC က တရုတ်ကို တိုက်တွန်းထားသည်။

ထို့ပြင် ပေကျင်းအနေဖြင့် ရေလက်ကြား ဖြတ်ကျော် ဆက်ဆံရေးကို လက်တွေ့ကျကျ ကိုင်တွယ်ဆက်ဆံရန်၊ ထိုင်၀မ်နှင့်အကြား အပြုသဘောဆောင် ချိတ်ဆက်ပတ်သက်မှုကို အားပေးအားမြှောက်ပြုမည့် တာ၀န်၀တ္တရားကို ယူရန်နှင့် ဆက်သွယ်ချိတ်ဆက်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းကနေတဆင့် ကွဲလွဲမှုများကို ဖြေရှင်းရန်ကိုလည်း MAC က တိုက်တွန်းထားသည်။

MAC ၏ အစီရင်ခံစာကို မေလ ၁၀ ရက် ဥပဒေပြုလွှတ်‌တော် ကော်မတီ ကြားနာမှုတစ်ခုတွင် ပြန်လည်သုံးသပ်မည် ဖြစ်သည်။

The Economist ၏ နောက်ဆုံးထုတ် စာစဥ်တွင် ထိုင်၀မ်ကို “ကမ္ဘာပေါ်တွင် အန္တရာယ်အကြီးဆုံးနေရာ” အဖြစ် ညွှန်းထားပြီး “အမေရိကန်နှင့် တရုတ်အနေဖြင့် ထိုင်၀မ်၏ အနာဂတ်နှင့်ပတ်သက်ပြီး စစ်ဖြစ်ခြင်းကနေ ရှောင်ရန် ကြိုးစားလုပ်ဆောင်သွားကြရလိမ့်မည်” ဟု ပြောထားပြီးနောက် ယခု အစီရင်ခံစာကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly