တရုတ်က နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်က နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

မတ် ၂၅ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မတ်လ ၂၄ ရက်က သတိပေးချက် တစ်ရပ် ထုတ်ပြန်လိုက်ရာတွင် တရုတ်အစိုးရအနေဖြင့် စစ်ရေးအရ ခြိမ်းခြောက်မှု အမျိုးမျိုးကို လုပ်ဆောင်နေသော ကြောင့် ယင်းခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် နေတိုးမဟာမိတ်နိုင်ငံများအနေဖြင့်အမေရိကန်နှင့် ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ မိမိတို့ရဲ့ မဟာမိတ်တွေအပေါ်မှာ ကျွန်တော်တို့နဲ့ လက်တွဲမလား၊ တရုတ်နဲ့ ပူးပေါင်းမလားဆိုတာကို အတင်းအဓမ္မမတိုက်တွန်းပါဘူး။ တရုတ်အစိုးရအနေနဲ့ မိမိတို့အားလုံးရဲ့ လုံခြုံရေးနဲ့ ပိုင်ဆိုင်မှုတွေ၊ မိမိတို့ မဟာမိတ်တွေအပေါ်မှာ ခြိမ်းခြောက်နေတယ်ဆိုတာ မေးစရာတောင်မလိုပါဘူး။ ဒီလိုလုပ်တာတွေဟာ နိုင်ငံတကာစနစ်နဲ့ တန်ဖိုးစည်းမျဉ်းတွေကို ထိခိုက်အောင် လုပ်တာဖြစ်ပါတယ်” ဟု ဘရပ်ဆဲလ်ရှိ နေတိုးစစ်ဌာနချုပ်တွင် ပြောကြားခဲ့သည့် ဘလန်ကင်၏ မိန့်ခွန်းကို CNBC သတင်းဌာနက ဖော်ပြခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ စစ်အင်အား တိုးချဲ့ခြင်း၊ စီးပွားရေး လက်ဝါးကြီးအုပ်ခြင်း၊ မူပိုင်ခွင့် ခိုးယူခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းတို့ကို လည်း ပြစ်တင်ဝေဖန်ခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာနှင့် အခြားအရေးကြီးသည့် ကိစ္စရပ်များတွင် ကတိကဝတ်များကို လိုက်နာဆောင်ရွက်ရန်လည်း ဘလန်ကင်က တိုက်တွန်းသည်။ တရုတ်အစိုးရက ယင်းကတိကဝတ်များကို ယခင်က လိုက်နာရန် ပျက်ကွက်ခဲ့ကြောင်း၎င်းက ပြောသည်။

“အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့အကြားမှာ တရုတ်ကိစ္စနဲ့ပတ်သက်လို့ နီးကပ်တဲ့ ဆွေးနွေးလုပ်ဆောင်ချက်တွေ ရှိဖို့ မျှော်လင့်ပါတယ်” ဟု ဘလန်ကင်က ဆိုသည်။

အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်တို့က ဥရောပသမဂ္ဂနှင့်အတူ မတ်လ ၂၂ ရက်က တရုတ်နိုင်ငံကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ 

တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကျင်ကန်းက တရုတ်နိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီးကို မတ်လ ၂၂ ရက်တွင်လည်းကောင်း၊ ဗြိတိန်သံအမတ်ကြီးကို မတ်လ ၂၃ ရက်တွင်လည်း ဆင့်ခေါ်တွေ့ဆုံပြီးနောက် တရုတ်သံအမတ်ကြီးကိုလည်း ရောမမြို့သို့ ဆင့်ခေါ်ခဲ့ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required