ကိုဗစ်ဒဏ်ခံထားရတဲ့ ရော်နယ်လ်ဒိုမပါတဲ့ ဂျူဗင်တပ်စ် မက်ဆီရဲ့ ဘာစီလိုနာအောက် ကျရှုံး

ကိုဗစ်ဒဏ်ခံထားရတဲ့ ရော်နယ်လ်ဒိုမပါတဲ့ ဂျူဗင်တပ်စ် မက်ဆီရဲ့ ဘာစီလိုနာအောက် ကျရှုံး

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ် ဆေးစစ်မှု Positive ထွက်ပေါ်ခဲ့ပြီးနောက် နှစ်ပတ်အကြာ လီယွန်နယ် မက်ဆီရဲ့ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျူဗင်တပ်စ်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ပြီး သူမပါဝင်တဲ့ အီတလီအသင်းကြီးကလည်း ဗုဒ္ဓဟူးနေ့က အိမ်ကွင်းမှာ ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ 

အသက် ၃၃ နှစ်ရှိ မက်ဆီဟာ ပထမပိုင်း ၁၄ မိနစ်မှာ ဒမ်ဘီလီအတွက် ဂိုးတစ်ဂိုး ဖန်တီးပေးခဲ့သလို ပွဲပြီးခါနီး ပင်နယ်တီက တဆင့်ကိုယ်တိုင်လည်း ဘာကာအတွက် ဂိုးသွင်းယူပေးခဲ့ပါတယ်။ 

မိုရာတာဟာ ဂျူဗင်အတွက် သုံးဂိုး သွင်းယူခဲ့ပေမယ့် လူကျွံဘောအဖြစ် ပယ်ဖျက်ခံခဲ့ရပြီး ပွဲပြီးဖို့ ၅ မိနစ်အလိုမှာ ဒီမီရယ်လည်း နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ 

ဘာစီလိုနာဟာ နှစ်ပွဲကစားပြီးနောက်မှာ ရမှတ် ၆ မှတ်နဲ့ အုပ်စု G ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဂျူဗင်တပ်စ်ကတော့ ရမှတ် ၃ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ဒုတိယအကျော့်ကိုတော့ ဒီဇင်ဘာ ၈ ရက်မှာ နူးကမ့်ကွင်းမှာ ကစားမှာဖြစ်ပါတယ်။

"ဒါဟာ ရာသီတစ်လျှောက်လုံး ကျနော်တို့ရဲ့ အကောင်းဆုံးပွဲဖြစ်ခဲ့ပါတယ်။"လို့ ဘာစီလိုနာနည်းပြ ရော်နယ်လ် ကိုးမန်းက ပြောပါတယ်။ 

"အရေးပါတဲ့ ဥရောပအသင်းတစ်သင်းကို ရင်ဆိုင်ပြီး ကြီးမားတဲ့ နိုင်ပွဲတစ်ပွဲပါ။ ကျနော်တို့ ဖိအားပေးဖို့ ကြိုးစားနေတဲ့အတိုင်း ဘောလုံးကို ကစားနိုင်ခဲ့ပါတယ်။ 

"ဒီပွဲစဉ်နဲ့အတူ အသင်းရဲ့ ပြသခဲ့တဲ့ ပုံစံအတွက် ကျနော် အရမ်းဝမ်းသာမိပါတယ်။ ဒါဟာ နိုင်ပွဲကြီးတစ်ပွဲပါ။"

တူရင်အသင်းကြီးအတွက် ကစားသမားဘဝ နောက်ဆုံးကစားခဲ့တဲ့ ၂၀၁၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့တဲ့ ဂျူဗင်တပ်စ်နည်းပြသစ် ပီယာလိုအတွက် ပထမဆုံးရှုံးပွဲဖြစ်ခဲ့ပါတယ်။ 

"ဒါဟာ ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်မယ်ဆိုတာ ကျနော်တို့ သိထားတယ်။ ကျနော်တို့က တည်ဆောက်ဆဲဖြစ်နေတုန်း သူတို့က ပွဲတစ်လျှောက်လုံး သာလွန်ခဲ့ပြီး သူတို့က ဒီပွဲမှာ အတွေ့အကြုံပိုရင့်တဲ့ ကစားသမားတွေရှိတယ်။" 

"ကျနော်တို့ တိုးတက်ဖို့ လိုပါတယ်။ မကြာခင် တခြားကစားသမားတွေ ပြန်လာမယ်လို့ မျှော်လင့်ပါတယ်။ 

"ကျနော့်မှာ အခြားဖြေရှင်းနည်းတွေလည်း မရှိပါဘူး။ ကစားသမားတွေက မိနစ် ၉၀ ကစားနေဖို့ လိုတယ်။ ဒါ့ကြောင့် ပြိုင်ဘက်နဲ့အတူ အနီးကပ် ယှဉ်ကြတဲ့အခါ ဒါက ခက်ခဲတာပေါ့။" 

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required