သမိုင်းဝင် နိုင်ငံတကာပွဲစဉ် ၂၀၀ ပြည့်မြောက်တဲ့ပွဲမှာ ရော်နယ်လ်ဒို အနိုင်ဂိုး သွင်းယူ

သမိုင်းဝင် နိုင်ငံတကာပွဲစဉ် ၂၀၀ ပြည့်မြောက်တဲ့ပွဲမှာ ရော်နယ်လ်ဒို အနိုင်ဂိုး သွင်းယူ
Photo: EPA

ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အိုက်စလန်ကို အနိုင်ရတဲ့ သူတို့ရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ နိုင်ငံတကာပွဲပေါင်း ၂၀၀ ရယူနိုင်တဲ့ ပထမဆုံးသော အမျိုးသားကစားသမားဖြစ်လာသလို သူဟာ သူ့ရဲ့သမိုင်းဝင်ညမှာ နောက်ဆုံးမိနစ်အနိုင်ဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ  ဂွန်ဆယ်လို အီနာဆီယိုရဲ့ ခေါင်းတိုက်ချပေးတာကို အနီးကပ်ပိတ်သွင်းခဲ့တာပါ။

ဒီဂိုးကို ကနဦးမှာ အီနာဆီယို လူကျွံတဲ့အတွက်ဆိုပြီး ပယ်ချခံခဲ့ပေမယ့်လည်း ဗီဒီယိုအကူဒိုင်က ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

ဒါဟာ ရော်နယ်လ်ဒိုရဲ့ ၁၂၃ ဂိုးမြောက် နိုင်ငံတကာသွင်းဂိုးဖြစ်ပြီး သူ့ရဲ့ကမ္ဘာ့စံချိန်ကို ထပ်တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။

အယ်လ်-နာဆာရဲ့ ရော်နယ်လ်ဒိုဟာ ကူဝိတ်တိုက်စစ်မှူး အယ်လ်-မူတာဝါရဲ့ ၁၉၆ ပွဲစံချိန်ကို မတ်လတုန်းက ချိုးဖျက်ခဲ့ပြီး ဒီနောက်ဆုံး မှတ်တိုင်အတွက် ပွဲမကစားခင် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှ အသိအမှတ်ပြု လက်မှတ်ပေးအပ်ခံခဲ့ရပါတယ်။

“ကျနော့်အတွက်တော့ ဒါဟာ မယုံနိုင်စရာ အောင်မြင်မှုတစ်ခုပါပဲ၊ ဒါဟာ အံ့သြစရာကောင်းပါတယ်” လို့ ပွဲအပြီးမှာ သူက ပြောပါတယ်။ “ပြီးတော့ သေချာတာက အနိုင်ဂိုးကို သွင်းယူနိုင်တာမို့ ပိုလို့တောင် ထူးခြားပါတယ်။

"ကျနော်တို့တွေ သိပ်ကောင်းကောင်း မကစားနိုင်ခဲ့ပေပမယ့် တစ်ခါတစ်လေမှာ ဘောလုံးက ဒီလိုမျိုးပါပဲ။ ကျနော် ဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး ကျနော့်အမြင်အရတော့ ကျနော်တို့ နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ အသင်းအတွက် ပွဲ ၂၀၀ ကစားထားတာဆိုတော့ အရမ်းပျော်ပါတယ်၊ ဒါပေမယ့် ဒါက ပိုလို့တောင် စပယ်ရှယ်ဖြစ်နေရောပဲ။"

ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် သူ့အသက် ၂၀ အရွယ်မှာ ကစားပေးခဲ့ရင်း သူ့ရဲ့ နိုင်ငံတကာ ပွဲဦးထွက်ကို ၂၀၀၃ မှာ လုပ်ဆောင်ခဲ့ပြီး ကမ္ဘာ့ဖလားအပြီးမှာ ဆော်ဒီအာရေဗီးယားအတွက် ဥရောပကနေ ထွက်ခွာခဲ့ပေမယ့်လည်း အသင်းမှာ ပုံမှန်ပါဝင်နေဆဲဖြစ်ပါတယ်။

စပို့တင်းလစ္စဘွန်း၊ မန်ချက်စတာယူနိုက်တက်၊ ရီးယဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်းဟာ ဘလွန်းဒီအော်ဆုကို ၅ ကြိမ်တိုင်တိုင် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

သူ့ရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲရဲ့ ၅ ဂိုးမြာက်သွင်းဂိုးက ပေါ်တူဂီကို လေးပွဲကစားပြီး လေးပွဲအနိုင်ရအောင် ကူညီပေးခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required