ကစားသမားဘဝရဲ့ 'အချိန်တိုင်းကို ပျော်ရွှင်လိုတယ်'လို့ မက်ဆီ ပြော

ကစားသမားဘဝရဲ့ 'အချိန်တိုင်းကို ပျော်ရွှင်လိုတယ်'လို့ မက်ဆီ ပြော
Photo: Twitter

လီယွန်နယ် မက်ဆီကတော့ သူ့ရဲ့ကစားသမားဘဝရဲ့ လက်ကျန်အချိန်တိုင်းကို ပျော်ရွှင်လိုပြီး သူ ဘယ်အချိန် အနားယူမလဲဆိုတာကို စိတ်ထဲမှာ ရက်သတ်မှတ်ထားတာမရှိဘူးလို့ ဆိုပါတယ်။

အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီဟာ Leagues Cup ဗိုလ်လုပွဲမှာ နက်ရှ်ဗေးလ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့  အနိုင်ရအပြီး ကလပ်သစ် အင်တာမိုင်ယာမီနဲ့အတူ သူ့ရဲ့ ပထမဆုံးဖလားကို ရရှိခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ ပြီးခဲ့တဲ့လက မိုင်ယာမီအသင်းနဲ့ နှစ်နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပေမယ့်လည်း ဒီစာချုပ်ကို နောက်ထပ်သက်တမ်းတိုးဖို့ သူ့ရဲ့အနာဂတ်ကို စပြီးတော့တောင် မစဉ်းစားရသေးဘူးလို့ သူက ပြောပါတယ်။

"ရိုးရိုးသားသားပြောရရင် ကျနော် (အနားယူမယ့်) အဲဒီ့အကြောင်းကို မတွေးထားသေးပါဘူး။ ကစားရတာကို နှစ်သက်ပါတယ်၊ ကွင်းထဲမှာ ဘောလုံးနဲ့အတူ ပြိုင်ဆိုင်နေရတာ၊ လေ့ကျင့်နေရတာကို ပျော်ရွှင်ပါတယ်"လို့  ဘလွန်းဒီအော်ခုနစ်ကြိမ်ဆုရှင်က Apple TV+ နဲ့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

"နောက်ထပ်ပိုပြီး ဘယ်လောက်များများ ကစားရလိမ့်မယ်ဆိုတာ ကျနော် မသိပေမယ့် အခွင့်ကောင်းရအောင်ယူရင်း တတ်နိုင်သလောက်တော့ ကြိုးစားပါ့မယ်၊ ကျန်းမာကြံ့ခိုင်သေးရင်တော့ တွေ့ရမှာပါ။ စဉ်းစားဖို့၊  ခွဲခြမ်းစိတ်ဖြာပြီး ရွေးချယ်ဖို့ကို နောက်ပိုင်းမှာ အချိန်ရှိပါသေးတယ်။"လို့ သူက သူ့ရဲ့မေဂျာလိဂ်ဘောလုံးကလပ်အသစ်အတွက် စနေနေ့က အောင်ပွဲမရခင် မှတ်တမ်းတင်ထားတဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာပါ။

“ဒီနေ့ အရေးကြီးဆုံးအရာက ကျန်နေသေးတဲ့အရာမှာ ပျော်နေဖို့ပဲ၊ ဘာပဲဖြစ်ဖြစ် ဒါက နည်းနည်းလေးလည်းဖြစ်နိုင်သလို အများကြီးလည်းဖြစ်နိုင်တယ်”လို့ သူက ပြောပါတယ်။

"အချိန်တိုင်းကို ပျော်ရွှင်ပါ။ အထူးသဖြင့် ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက ပြန်မလာဘူးလေ။ ပြီးတော့ ကျနော် ဘာမှ နောင်တမရချင်ပါဘူး"လို့ သူက ဖြည့်ဆွတ်ပြောဆိုသွားပါတယ်။ 

အင်တာမိုင်ယာမီဟာ ကြာသပေးနေ့ရဲ့ U.S. Open Cup ဆီမီးဖိုင်နယ်မှာ စင်စင်နာတီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်လုပွဲကို တက်ရောက်နိုင်မှုနဲ့ နောက်ထပ် ဖလား တစ်လုံးနဲ့ လက်တကမ်းအကွာကို ရောက်ရှိခဲ့ပြန်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required