'ကျနော် ဆုံးဖြတ်ပြီးပါပြီ' - အင်တာမိုင်ယာမီကို ပြောင်းရွှေ့မယ်ဆိုတဲ့ မက်ဆီ

'ကျနော် ဆုံးဖြတ်ပြီးပါပြီ' - အင်တာမိုင်ယာမီကို ပြောင်းရွှေ့မယ်ဆိုတဲ့ မက်ဆီ
Photo: EPA

ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီးနောက် အသင်းဟောင်း ဘာစီလိုနာနဲ့ ဆော်ဒီကလပ် အလ်-ဟီလာလ်တို့ကို မရွေးချယ်ဘဲ ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အမေရိကန်ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့မယ်လို့ အာဂျင်တီးနား ဂန္တဝင် လီယွန်နယ် မက်ဆီက ဗုဒ္ဓဟူးနေ့မှာ အတည်ပြု ပြောဆိုလိုက်ပါတယ်။

မိုင်ယာမီအသင်းနဲ့ အပြောင်းအရွှေ့သဘောတူညီချက်မှာ Adidas နဲ့ Apple တို့လို အမှတ်တံဆိပ်တွေဆီက ပူးပေါင်းဆောင်ရွက်မှု ပါဝင်ပါတယ်။

အသက် ၃၅ နှစ်ရှိ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားအတွက် ဘလွန်းဒီအောဆုကို ခုနစ်ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ပြီး ကမ္ဘာ့ဖလားအောင်မြင်ပြီးနောက် ဒီနှစ်နှောင်းပိုင်းမှာ ဒီဆုကို ရရှိဖို့ မျှော်လင့်ရပါတယ်။

ဒါဟာ ဘာစီလိုနာရဲ့ အိုင်ကွန်မက်ဆီ ပထမဆုံးအကြိမ် ဥရောပအပြင်ဘက်မှာ ကစားဖို့ဖြစ်ပါတယ်။

“ကျနော် မိုင်ယာမီကို သွားဖို့ ဆုံးဖြတ်ပြီးပါပြီ။ ”လို့ မက်ဆီက Diario Sport နဲ့ Mundo Deportivo သတင်းစာတို့ကို ပြောကြားခဲ့ပါတယ်။

"ဥရောပကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်။"

သူက “ကျနော့်မှာ တခြားဥရောပအသင်းဆီကနေ ကမ်းလှမ်းမှုတွေရှိခဲ့တာမှန်ပေမယ့် အဲဒါကို ကျနော် အဲဒီအကြောင်းတောင် မစဉ်းစားမိခဲ့ဘူး။ ဥရောပမှာ ကျနော့်စိတ်ကူးက ဘာစီလိုနာကို သွားဖို့ပဲရှိတာကြောင့်ပါ။ 

“ကမ္ဘာ့ဖလားကို ဆွတ်ခူးပြီး ဘာကာကို မသွားနိုင်ခဲ့ဘဲ ကွဲပြားတဲ့ ပုံစံနဲ့ ဘောလုံးကစားဖို့နဲ့ ကျနော့်နေ့စဉ်ဘဝကို ပိုပျော်မွေ့ဖို့ MLS ကို သွားရမယ့် အချိန်တန်ပါပြီ။

"တူညီတဲ့တာဝန်ယူမှုနဲ့ အနိုင်ရလိုစိတ်နဲ့  အရာရာကို ကောင်းကောင်းလုပ်ဖို့ သိသာပါတယ်၊ ဒါပေမယ့် ပိုပြီးတော့ အေးအေးဆေးဆေးနဲ့ပေါ့ဗျာ။"လို့ သူက ဖြည့်ဆွတ်ပြောဆိုခဲ့ပါတယ်။

သူဟာ ဆော်ဒီအာရေးဗီးယားကို ပြောင်းရွှေ့ဖို့ အကြီးအကျယ် သတင်းထွက်ခဲ့ပြီး အဲဒီလိဂ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ကာရင်မ် ဘန်ဇီမာတို့နဲ့ ငွေကြေးအရ မတူညီတဲ့ သဘောတူညီမှု တစ်ရပ်နဲ့ ရောက်ရှိလာနိုင်တာပါ။

ဒါပေမယ့် မက်ဆီဟာ နောက်ဆုံးမှာ မေဂျာလိဂ်ဘောလုံး (MLS) ကလပ် အင်တာမိုင်ယာမီကို လူနေမှုပုံစံနဲ့ ဘောလုံးထက် ကျယ်ပြန့်တဲ့ အမှတ်တံဆိပ်ကြီးတွေနဲ့ သဘောတူညီချက်တွေအပါအဝင် အကြောင်းပြချက်အမျိုးမျိုးဖြင့် ဆွဲဆောင်ခံခဲ့ရတာပါ။

မိုင်ယာမီမှာ သူငှားထားတဲ့ အိမ်တစ်လုံးရှိနှင့်ပြီးဖြစ်ပါတယ်။

သူဟာ ဒီနွေရာသီမှာ ဘာစီလိုနာကို ပြန်လာဖို့ စိတ်အားထက်သန်နေပေမယ့်လည်း လာမယ့် ရာသီမှာ လာလီဂါမှာ ထားရှိမယ့် ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း (FFP) ကန့်သတ်ချက်တွေက သူ့ကို ပြန်ခေါ်ဖို့ ဘယ်လိုမှ ရည်မှန်းချက်ကြီးကြီးထားလို့ မဖြစ်နိုင်တော့ပါဘူး။

စပိန်ကလပ်ဟာ မက်ဆီကို ၂၀၂၁ ခုနှစ်မှာ ဆက်ထိန်းထားနိုင်ခြင်းမရှိခဲ့ဘဲ သူဟာ နူးကမ့်ကနေ ထွက်ခွာကာ ပီအက်စ်ဂျီနဲ့ ချုပ်ဆိုခဲ့တုန်းက သတင်းစာရှင်းလင်းပွဲမှာ မျက်ရည်ကျခဲ့ပါတယ်။

“နောက်တစ်ခါ ထပ်ဖြစ်မှာကို ကျနော် ကြောက်တယ်” လို့ သူက ဆိုပါတယ်။

"ကျနော် တကယ်ကို လိုချင်ခဲ့တာပါ၊ ဘာစီလိုနာကို ပြန်လာခွင့်ရလို့ အရမ်းစိတ်လှုပ်ရှားမိခဲ့တယ်၊ ဒါပေမယ့် ကျနော် တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံနဲ့ ထွက်ပေါက်ကို ကြုံတွေ့ခဲ့ရပြီးနောက်မှာတော့ ကျနော် ဒီလိုတူညီတဲ့အခြေအနေမှာ ထပ်ပြီး မဖြစ်ချင်တော့ပါဘူး၊ ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်နေပါတယ်။

"သူတို့က ကစားသမားတွေကို ရောင်းဖို့ ဒါမှမဟုတ် ကစားသမားတွေရဲ့ လစာတွေကို လျော့ပေးရဖို့ ရှိတယ်လို့ ကျနော် ကြားခဲ့တယ်၊ အမှန်က အဲဒါကို ကျနော် မဖြတ်သန်းချင်ဘူး၊ ဒါတွေအားလုံးနဲ့ သက်ဆိုင်တဲ့ အရာတစ်ခုခုကို ရယူတာအတွက် တာဝန်လည်း မလိုလားပါဘူး။"

မက်ဆီဟာ မိုင်ယာမီအပြောင်းအရွှေ့ကို ရွေးချယ်ခဲ့ကြောင်း ကတ်တလန်ကလပ်အသင်းထံကနေ ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး ဘာစီလိုနာက နောက်ပိုင်းမှာ ကြေညာချက်မှာ ပြောပါတယ်။

"မကြာသေးမီနှစ်တွေအတွင်း သူကြုံတွေ့နေရတဲ့ ပရိသတ်ရဲ့ အာရုံစိုက်မှုနဲ့ ဖိအားတွေနဲ့ တောင်းဆိုမှုပိုနည်းပါးတဲ့ လိဂ်တစ်ခုမှာ ယှဉ်ပြိုင်လိုတဲ့ မက်ဆီရဲ့ ဆုံးဖြတ်ချက်ကို ဥက္ကဌ [ဂျုံး] လာပေါတာက နားလည်ပြီး လေးစားခဲ့တယ်"လို့ အဲဒီထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းမှာ သူ့ရဲ့နှစ်ရာသီလုံးမှာ လီဂူး-၁ ချန်ပီယံဆုရရှိခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းဆင့်ကနေ ထွက်ခဲ့ရတာကြောင့် ပြင်သစ်မှာ သူ့ရဲ့အချိန်တွေက ကြီးမားတဲ့ အောင်မြင်မှုလို့ မမြင်ခဲ့တာကြောင့်ဆိုရမှာပါ။

သူဟာ ကလပ်အတွက် ၇၅ ပွဲကစား ၃၂ ဂိုး သွင်းယူခဲ့ပြီး ဒီရာသီ လီဂူး-၁ မှာ ၁၆ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၆ ကြိမ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။

မက်ဆီရဲ့ နှစ်နှစ်စာချုပ်ဟာ ဒီနှစ်နွေရာသီမှာ ကုန်ဆုံးတာဖြစ်ပြီး နှစ်ဖက်စလုံးက အသီးသီးလမ်းခွဲသွားဖို့ သဘောတူညီခဲ့ကြတာပါ။ ဒီတိုက်စစ်မှူးဟာ မေလက ဆော်ဒီအာရေးဗီးယားသို့ အသင်းခွင့်ပြုချက်မရှိဘဲ ခရီးနှစ်ပတ်ကြာ သွားခဲ့တဲ့အတွက် ပွဲကစားခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။

သူ့ရဲ့ အမွေအနှစ်ကတော့ ဘာစီလိုနာမှာ ကစားခဲ့ချိန်ကဖြစ်ပြီး ဒီဇင်ဘာလက အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ ဘာကာမှာ ၂၁ ကြာပြီးနောက် အသင်းရဲ့ ဘဏ္ဍာရေးပြဿနာကြောင့် ၂၀၂၁ မှာတော့ ကလပ်ကနေ ထွက်ခွာခဲ့ပါတယ်။

မက်ဆီဟာ ၆၇၂ ဂိုးနဲ့ ဘာစီလိုနာရဲ့ စံချိန်တင်ဂိုးသွင်းသူဖြစ်ပြီး လာလီဂါဖလား ၁၀ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နဲ့ စပိန်ဖလား ၇ ကြိမ် ရရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly