ဒုံးကျည်ခြေရာခံမည့် အနိမ့်ပိုင်းပတ်လမ်းသွား အသေးစားဂြိုဟ်တုများလွှတ်တင်ရန် ဂျပန်နှင့်အမေရိကန်စီစဉ်

ဒုံးကျည်ခြေရာခံမည့် အနိမ့်ပိုင်းပတ်လမ်းသွား အသေးစားဂြိုဟ်တုများလွှတ်တင်ရန် ဂျပန်နှင့်အမေရိကန်စီစဉ်

ဩဂုတ် ၁၉

လက်ရှိကာကွယ်ရေးစနစ်ကို ရှောင်လွှဲရန် တီထွင်ထုတ်လုပ်နေသော မျိုးဆက်သစ်ဒုံးကျည်များကို ခြေရာခံစူးစမ်းရန်အတွက်ရည်ရွယ်ပြီး အမေရိကန်နှင့်ဂျပန်တို့သည် ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်း၌ အသေးစားဂြိုဟ်တု ကွန်ရက်တစ်ခုကို ဖြန့်ကြက်ထားရန် စီစဉ်လျက်ရှိသည်။  

အမေရိကန်၏အစီအစဉ်အရ အကောင်အထည်ဖော်မည့် အဆိုပါစီမံကိန်းသည် အမေရိကန်ဒေါ်လာ ကိုးဘီလီယံကျော်ကုန်ကျမည်ဟုခန့်မှန်းထားပြီး ၂၀၂၀ ခုနှစ်, နှစ်လယ်တွင် လုပ်ငန်းစတင်အကောင်အထည်ဖော်မည်  ဖြစ်ကာ နှစ်နိုင်ငံစလုံးသည် အစီအစဉ်အသေးစိတ်များကို အပြီးသတ်လုပ်ဆောင်တော့မည်ဖြစ်သည်။ တရုတ်၊ ရုရှားနှင့်မြောက်ကိုရီးယားတို့သည် ခေတ်မီဒုံးလက်နက်များ အများအပြားတီထွင်လာပြီး အာကာသကို စစ်ပွဲ၏နောက်ဆုံးနယ်ပယ်အဖြစ် စတင်ရှုမြင်လာချိန်မှာ ယခုကဲ့သို့ ထောက်လှမ်းရေးဂြိုဟ်တုကွန်ရက်လွှတ်တင်မည့်လှုပ်ရှားမှု စတင်လာခြင်းဖြစ်သည်။  

တရုတ်သည် ယခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ၆.၆ % ( အမေရိကန်ဒေါ်လာ ၁၈၀ ဘီလီယံ) ခန့်တိုးမြှင့်ခဲ့ပြီး ဂျပန်ထိပစ်လွှတ်နိုင်သော တာလတ်ပစ်ဒုံးကျည်ပေါင်း ၂ ၀၀၀ ခန့်ကိုလည်း ပိုင်ဆိုင်ထားသည်။ တရုတ်သည် နျူကလီးယားထိပ်ဖူး ရာပေါင်းများစွာပိုင်ဆိုင်ပြီး နောက်ဆယ်စုနှစ်တွင် အရေအတွက် နှစ်ဆကျော်ရှိလာလိမ့်မည်ဟု ပညာရှင်များက ပြောသည်။  

Nodong  တာလတ်ပစ်ဒုံးကျည်ရာပေါင်းများစွာပိုင်ဆိုင်သော မြောက်ကိုရီးယားသည်လည်း နျူကလီးယားထိပ်ဖူးအသေးစားများကိုထုတ်လုပ်ရန် ဆက်လက်ကြိုးစားလျက်ရှိသည်။  

ဤခြိမ်းခြောက်မှုများအားလုံးသည် ရိုးရှင်းသော ပတ်လမ်းကြောင်းအရသွားသော ဒုံးကျည်များကို အသုံးပြုခြင်းဖြစ်ပြီး ဂျပန်နှင့်အမေရိကန်တို့၏ ထောက်လှမ်းရေးဂြိုဟ်တုနှင့် ရေဒါစနစ်များဖြင့် ၎င်းလက်နက်များကို အလွယ်တကူ ခြေရာခံနိုင်သည်။  

သို့သော် တရုတ်၊ ရုရှားနှင့်မြောက်ကိုရီးယားတို့သည် အမေရိကန်နှင့်ဂျပန်တို့၏ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရှောင်လွှဲနိုင်မည့် လက်နက်အသစ်များကို ထုတ်လုပ်ရန် ကြိုးပမ်းနေကြသည်။ တရုတ်နှင့်ရုရှားတို့သည် ပင်လယ်ရေမျက်နှာပြင်အမြင့် အနိမ့်ပိုင်းတွင် ပျံသန်းနိုင်သော မြန်နှုန်းမြင့် ဒုံးကျည်များကို စမ်းသပ်ထုတ်လုပ်နေကြပြီး မြောက်ကိုရီးယားကလည်း ဒုံးလက်နက်သွားရာလမ်းကြောင်းများ ပြောင်းလဲရန် စမ်းသပ်နေသည်။  

လက်ရှိ ထောက်လှမ်းရေးဂြိုဟ်တုကွန်ရက်သည် ပင်လယ်ပြင်ရေမျက်နှာပြင်အမြင့် ၃၆ ၀၀၀ ကီလိုမီတာတွင် တည်ရှိသောကြောင့် ခေတ်မီဒုံးလက်နက်အသစ်များကို ထောက်လှမ်းရန် အခက်တွေ့မည်ဖြစ်သည်။ မြေပြင်အခြေစိုက်ရေဒါစနစ်များကလည်း အပြည့်အဝထောက်လှမ်းနိုင်မည်မဟုတ်ပေ။  

ထိုအခြေအနေများကြောင့် အမေရိကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၀၀ နှင့် ၁ ၀၀၀ ကီလိုမီတာအကြားတွင် ပျံသန်းနိုင်မည့် ဂြိုဟ်တုများကို လွှတ်တင်ရန် စီစဉ်နေသည်။  အမေရိကန်သည် ဒုံးကျည်ကာကွယ် ရေးအတွက် အနီအောက်ရောင်ခြည်အာရုံခံကိရိယာပေါင်း ၂၀၀  တပ်ထားသည့် အသေးစားဂြိုဟ်တုပေါင်း ၁ ၀၀၀ ကျော်ကို လွှတ်တင်ရန်လျာထားသည်။ ဂျပန်ကလည်း အသေးစားဂြိုဟ်တုပုံစံ ပြုလုပ်ခြင်းနှင့် အာရုံခံကိရိယာ (sensor) များကို တီထွင်ထုတ်လုပ်ကာ စီမံကိန်းတွင် ပူးပေါင်းပါဝင်ရန်စီစဉ်ထားသည်။ ရိုးရိုးဂြိုဟ်တုထုတ်လုပ်လွှတ်တင်ရာတွင် အမေရိကန်ဒေါ်လာ သန်းရာပေါင်းများစွာကုန်ကျပြီး အသေးစားဂြိုဟ်တု တစ်လုံးအတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ငါးသန်းဝန်းကျင် ရှိသည်။ ကမ္ဘာမြေပြင်နှင့်ပိုမိုနီးစပ်ခြင်းနှင့် ကျယ်ပြန့်သောလွှမ်းခြုံမှုများကြောင့် အသေးစားဂြိုဟ်တုများသည် ပိုမိုအသေးစိတ်သောအချက်အလက်များကို စူးစမ်းထောက်လှမ်းနိုင်မည်ဖြစ်သည်။  

အသေးစားဂြိုဟ်တုကွန်ရက်တွင် တယ်လီစကုပ်နှင့်တည်နေရာပြစနစ်များတပ်ဆင်မည်ဖြစ်ကာ စစ်သင်္ဘော၊ စစ်လေယာဉ်နှင့် မြေပြင်တပ်ဖွဲ့များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖမ်းယူနိုင်မည်ဖြစ်သည်။  

ဂျပန်နှင့်အမေရိကန်သည် ဤစနစ်ဖြင့် ထောက်လှမ်းရေးဆိုင်ရာအချက်အလက်များကို ပိုမိုမျှဝေနိုင်မည်ဖြစ်ကာ လုံခြုံရေးမျက်နှာစာတွင် တရုတ်မဟာဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စကို  ပိုမိုနက်ရှိုင်းစွာ  လုပ်ဆောင်နိုင်ပေမည်။  

ကနဦးထောက်လှမ်းရေးဂြိုဟ်တုများမရှိသေးသည့် ဂျပန်သည် အမေရိကန်ကို အားထားနေရသည်။ ဂျပန်အစိုးရသည် ရာသီဥတုနှင့်သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် အချက်အလက်များစုဆောင်းရန်နှင့် အာကာသအပိုင်းအစများကို ရှာဖွေနိုင်မည့် အသေးစားဂြိုဟ်တုကွန်ရက် အကောင်အထည်ဖော်ရန် စီစဉ်လိုက်ပြီဖြစ်သည်။  

အမေရိကန်သည် ၂၀၂၂ ခုနှစ်တွင် ထောက်လှမ်းရေးဂြိုဟ်တု ၃၀ ကို လွှတ်တင်ရန်စီစဉ်ထားသည်။ ဂျပန်က ဘဏ္ဍာနှစ် ၂၀၂၁ ခုနှစ် ဘတ်ဂျက်အဆိုပြုလွှာနှင့်စပ်လျဉ်းပြီး  အနီအောက်ရောင်ခြည်အာရုံခံကိရိယာထုတ်လုပ်ရန် ငွေကြေးထောက်ပံ့မည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly