ဒဏ်ခတ်အရေးယူထားတဲ့ စစ်ကောင်စီဘဏ် နှစ်ခုနဲ့ ပတ်သက်မှုတွေရပ်ဆိုင်းဖို့ အမေရိကန် သတိပေး

By မဇ္ဈိမ 
07 August 2023
ဒဏ်ခတ်အရေးယူထားတဲ့ စစ်ကောင်စီဘဏ် နှစ်ခုနဲ့ ပတ်သက်မှုတွေရပ်ဆိုင်းဖို့ အမေရိကန် သတိပေး

အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်အရေးယူမှုခံထားရတဲ့ စစ်ကောင်စီထိန်းချုပ် ဘဏ်နှစ်ခုနဲ့ ငွေကြေးကိစ္စအားလုံးကို စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သြဂုတ်လ ၅ ရက်နေ့နောက်ဆုံးထားပြီး ရပ်ဆိုင်းဖို့ အမေရိကန်အစိုးရက  သောကြာနေ့က နောက်ဆုံးအကြိမ် သတိပေးလိုက်ပါတယ်။

စစ်လက်နက်နဲ့ လေယာဉ်ဆီဝယ်ယူရာမှာ ပြည်ပငွေကြေး အသုံးပြုနိုင်အောင်နဲ့ ပြည်ပငွေစာရင်းတွေ အ သုံးပြုပြီး နိုင်ငံတကာမှာ ဝင်ခွင့်ရအောင် လုပ်ဆောင်ပေးတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမည်ပျက်စာရင်းသွင်းကြောင်း အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၁ ရက်မှာ ကြေညာခဲ့ပါတယ်။ 

အမေရိကန် အစိုးရပြောခွင့်ရှိသူ Matthew Miller က အဲဒီဘဏ် နှစ်ခုဟာ မြန်မာစစ်ကောင်စီကို ရေနံ၊ ဓာတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်မျက်နဲ့ တခြားစက်မှုလုပ်ငန်းတွေကနေ ဝင်ငွေရရှိဖို့ ကူညီနေတဲ့ဘဏ်တွေဖြစ်တယ်လို့ ပြောကြားပါတယ်။

ဒဏ်ခတ်အရေးယူထားတဲ့ MFTB၊ MICB တို့နဲ့ ဆက်လက်ပြီး ငွေကြေးကိစ္စဆောင်ရွက်နိုင်ဖို့ စီးပွားရေး လုပ်ငန်းတွေကို ခွင့်ပြုတဲ့လိုင်စင်ကို ဇွန်လအတွင်း တရားဝင်ချထားခဲ့ပေမယ့် အမေရိကန်အစိုးရက ပြစ်ဒဏ်စ တင်တော့မယ့် သြဂုတ်လ ၅ ရက်မှစပြီး အဆိုပါခွင့်ပြချက်က သက်တမ်းကုန်ဆုံးပြီလို့ သိရပါတယ်။

စီးပွားရေးလုပ်ငန်းတွေက အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ မူဝါဒကို ဆန့်ကျင်ကာ အဆိုပါဘဏ်နှစ်ခုနဲ့ ငွေကြေးကိစ္စ ဆောင်ရွက်မှုရှိ မရှိ အသေအချာ စောင့်ကြည့်မှာဖြစ်ပြီး စည်းမျဉ်းချိုးဖောက်ရင် သင့်တော်သလို အရေးယူမယ်လို့ မီလာက ပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် ကြိုးစားနေကြတဲ့ မြန်မာပြည်သူတွေကို ခိုင်ခိုင်မာမာဆက်လက် အားပေးကူညီမှာဖြစ်ပြီး စစ်ကောင်စီက နိုင်ငံတကာငွေကြေးစနစ်ကို သုံးစွဲပြီး ကိုယ်ကျိုးရှာအမြတ်ထုတ်လို့ မရအောင် မိမိတို့ရဲ့ မဟာမိတ်တွေ၊ လုပ်ဖော်ကိုင်ဖက်နိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှာဖြစ်တယ်လို့လည်း အစိုးရပြောခွင့်ရသူက ထုတ်ပြန်ပြောဆိုပါတယ်။

စစ်တပ် အာဏာသိမ်း ပြီးနောက်အမေရိကန်အစိုးရဟာစစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု များစွာချမှတ်ထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly