အမေရိကန်နေ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ ကုမ္ပဏီထံမှ ကျေအေးငွေ ဒေါ်လာ ၇၂၅ သန်း၏ တစိတ်တပိုင်းကို ဘယ်လိုတောင်းမလဲ

အမေရိကန်နေ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ ကုမ္ပဏီထံမှ ကျေအေးငွေ ဒေါ်လာ ၇၂၅ သန်း၏ တစိတ်တပိုင်းကို ဘယ်လိုတောင်းမလဲ
Photo - CBS News

ပြီးခဲ့သည့် ၁၆ နှစ်အတွင်း ဖေ့စ်ဘွတ်ခ် အသုံးပြုခဲ့သည့် အမေရိကန်ရှိ မည်သူမဆိုအနေဖြင့် privacy ချိုးဖောက်မှုများနှင့် ဆက်နွယ်ပြီး ဖေ့စ်ဘွတ်ခ်၏ မိခင်ကုမ္ပဏီ Meta မှ ဖြေရှင်းရန် သဘောတူထားသည့် ကျေအေးငွေ ဒေါ်လာ ၇၂၅ သန်း၏ တစ်စိတ်တစ်ပိုင်းကို လျှောက်ထားတောင်းဆိုနိုင်ကြောင်း သိရသည်။ အဆိုပါ ဖေ့စ်ဘွတ်ခ်အသုံးပြုသူများအနေဖြင့် လာမည့် ရက်အနည်းငယ်အတွင်း တောင်းဆိုမှုအတွက် အချိန်မီဖြည့်သွင်းကြရမည် ဖြစ်သည်။

Meta ကုမ္ပဏီသည် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို ကြော်ငြာထည့်သူများနှင့် ဒေတာပွဲစားများကဲ့သို့ third-party ရင်းမြစ်များထံ မတော်တလျော် မျှဝေခဲ့သည် ဆိုပြီး ဖေ့စ်ဘွတ်ခ်အသုံးပြုသူများက ဖေ့စ်ဘွတ်ခ်အပေါ် စွဲဆိုသည့် တရားစွဲဆိုမှုများမှတဆင့် ထို ကျေအေးဖြေရှင်းမှုက အရင်းခံဖြစ်ပေါ်လာခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ်က မဲဆန္ဒရှင်များ၏ ပရိုဖိုင်များဖော်ပြရန် ကြိုးပမ်းမှု တစ်စိတ်တစ်ဒေသအဖြစ် ဆိုဒ်ပေါ်မှ အသုံးပြုသူ ဒေတာများကို ရယူအလွဲသုံးစားပြုခဲ့သည့် Cambridge Analytica အရှုပ်တော်ပုံနှင့် ဖေ့စ်ဘွတ်ခ် ပတ်သက်ငြိစွန်းခဲ့ပြီးနောက် တရားစွဲဆိုမှု စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Meta သည် ကျေအေးမှုအောက်တွင် တာဝန်မကင်းမှု သို့မဟုတ် အမှားလုပ်မှု မရှိဟု ငြင်းဆန်ခဲ့ကြောင်း လူမှုကွန်ရက် အသုံးပြုသူများထံ ငွေထုတ်ပေးရန် ထူထောင်ခဲ့သည့် မကြာသေးခင်က ထောင်ထားသည့် စုပေါင်းတရားစွဲဆိုမှုဆိုင်ရာ ဝက်ဘ်ဆိုဒ်အရ သိရသည်။

သို့သော် သဘောတူညီချက်အရ ၂၀၀၇ မေလ ၂၄ ရက်နှင့် ၂၀၂၂ ဒီဇင်ဘာ ၂၂ ရက်အကြား ဖေ့စ်ဘွတ်ခ် အသုံးပြုခဲ့သည့် အမေရိကန်တွင် နေထိုင်သူများအနေဖြင့် ငွေတောင်းဆိုမှုအတွက် တင်ပြတောင်းဆိုနိုင်ပြီး ၎င်းတို့သည် ယခုနှစ် ဩဂုတ် ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ထိုသို့ တောင်းဆိုသွားရမည် ဖြစ်သည်။

တောင်းဆိုမည့်သူများအနေဖြင့် ၎င်းတို့၏ တောင်းဆိုမှုကို ဖြည့်သွင်းရန် ကျေအေးငွေ တောင်းဆိုမှု ဝက်ဘ်ဆိုဒ်တွင် ဝင်ရောက်ဖြည့်သွင်းနိုင်သလို တောင်းဆိုမှုကို စာဖြင့် ပုံနှိပ်ကာ ဖီလာဒဲလ်ဖီးယားမြို့ ၁၆၅၀ Arch လမ်း၊ ဖေ့စ်ဘွတ်ခ် သုံးစွဲသူ ကိုယ်ရေးသီးသန့်ရှိမှု အသုံးပြုသူ ပရိုဖိုင် တရားစွဲဆိုမှုဆိုင်ရာ ကျေအေးမှု အရာရှိထံ မေးလ်ဖြင့် ပေးပို့တောင်းဆိုနိုင်သည်။

ထိုသို့ ကျေအေးငွေ၏ တစ်စိတ်တစ်ပိုင်းကို တောင်းဆိုရာတွင် အခြေခံ အချက်အလက်များ ဖြည့်သွင်းရမည် ဖြစ်သည်။ ယင်းတို့တွင် အမည်၊ လိပ်စာ၊ အီးမေးလ် လိပ်စာ၊ ဖုန်းနံပါတ် တို့ ပါဝင်သည်။ ထိုပြင် တောင်းဆိုသူသည် ၂၀၀၇ မေလ ၂၄ ရက်နှင့် ၂၀၂၂ ဒီဇင်ဘာ ၂၂ ရက်အကြား အမေရိကန်တွင် နေထိုင်ခဲ့သလား၊ ထို ကာလအပိုင်းအခြားအတောအတွင်း ဖေ့စ်ဘွတ်ခ်သုံးသူ ဖြစ်ခဲ့သလား၊ ထို ကာလအတောအတွင်း အကောင့်ကို ဖျက်ခဲ့သလား ဆိုသည်တို့အပြင် ဖေ့စ်ဘွတ်ခ် အကောင့်အမည်၊ နှစ်သက်ရာ ငွေပေးချေဝန်ဆောင်မှုစနစ်တို့လည်း ဖြည့်သွင်းရမည်ဖြစ်သည်။

ထို့ပြင် ဆုံးပါးသွားသည့် ဖေ့စ်ဘွတ်ခ်သုံးသူ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်လည်း တင်ပြတောင်းဆိုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို ဖေ့စ်ဘွတ်ခ် ကျေအေးငွေ ကိစ္စသည် တရားဝင်ဖြစ်ကြောင်း Meta ထံမှ သိရသည်။ “ဒါက မိမိတို့ရဲ့ အသိုက်အဝန်းနဲ့ ရှယ်ယာရှင်တွေအတွက် အကောင်းဆုံးအကျိုးဖြစ်စေမယ့်အတွက် ဒီကျေအေးဖြေရှင်းမှုကို ဆက်လက်လုပ်ဆောင်တာဖြစ်တယ်” ဟု Meta ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CBS MoneyWatch ကို ပြောသည်။

ထိုသို့ တောင်းဆိုသူတစ်ဦးတစ်ယောက်အနေဖြင့် ငွေပမာဏ မည်မျှ ရမည် ဆိုသည်ကိုရှင်းရှင်းလင်းလင်း မသိရပေ။ အသုံးပြုသူတစ်ဦးလျင် ရမည့် ကျေအေးငွေ ပမာဏသည် တောင်းဆိုမှုကို လူမည်မျှ ဖြည့်သွင်းသလဲ ဆိုသည့်အပေါ် မူတည်လိမ့်မည်ဟု ကျေအေးမှု ဝက်ဘ်ဆိုဒ်အရ သိရသည်။

သို့ရာတွင် အမှုတွင် ပါဝင်ပတ်သက်သော ရှေ့နေများကလည်း ၎င်းတို့၏ အမှုလိုက်ခ တစ်စိတ်တစ်ဒေသအဖြစ် ကျေးအေးငွေ၏ တစ်စိတ်တစ်ပိုင်းကို ရရှိဖွယ် ရှိသည်။ တောင်းဆိုမှု ဝက်ဘ်ဆိုဒ်၏ အဆိုအရ ၎င်းတို့သည် ကျေအေးငွေ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် ဒေါ်လာ ၁၈၁ ဒသမ ၃ သန်းအထိ ရရှိနိုင်သည်ဟု သိရသည်။ ၎င်းတို့ ထိုပမာဏကို ရရှိပါက ငွေကြေးတောင်းဆိုမည့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူများအတွက် ရမည့်ပမာဏက ဒေါ်လာ ၅၄၃ ဒသမ ၇ သန်းကို လျော့ကျသွားလိမ့်မည် ဖြစ်သည်။

ကျေအေးငွေကို အစောဆုံးအားဖြင့် ယခုနှစ်ကုန်အထိ ရရန် မရှိသေးဟု သိရသည်။ကျေအေးဖြေရှင်းမှုကိစ္စနှင့် ပတ်သက်ပြီး စက်တင်ဘာ ၇ ရက်တွင် အပြီးသတ် အတည်ပြု ကြားနာမှုတစ်ခု ရှိကြောင်းနှင့် ယင်းကြားနာမှုတွင် သဘောတူညီချက်ကို အတည်ပြု၊ မပြုနှင့် ရှေ့နေများ၏ အခကြေးငွေနှင့် အခြားအဖိုးအခများကို ပေး၊မပေး ဆိုသည်ကို တရားရုံးက ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။

“ကျေအေးငွေနဲ့ပတ်သက်လို့ တရားရုံးက အပြီးသတ် အတည်ပြုခွင့်ပြုပေးလိုက်ပြီး တခြားအယူခံဝင်မှုတွေကို ပြေလည်အောင် ရှင်းပြီးတာနဲ့ တတ်နိုင်သမျှ အမြန်ဆုံး ဒီကျေအေးငွေပေးချေမှုတွေကို ထုတ်ပေးမှာဖြစ်တယ်” ဟု တောင်းဆိုမှုဝက်ဘ်ဆိုဒ်အရ သိရသည်။

အမေရိကန်နိုင်ငံပြင်ပရှိ ဖေ့စ်ဘွတ်ခ် အသုံးပြုသူများ သို့မဟုတ် ၂၀၀၇ မေလ ၂၄ ရက်နှင့် ၂၀၂၂ ဒီဇင်ဘာ ၂၂ ရက်အကြား ကာလအတွင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ မဟုတ်သည့် သူများအနေဖြင့် ယခု ကျေအေးငွေ တောင်းဆိုမှုတွင် အကျုံးမဝင်ပေ။

Anyone who used Facebook in the last 16 years has just days to file for settlement money. Here's how.
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly