ရှမ်းပြည်နယ်ရှိ မဲရုံ ၈၀၀ ကျော်အတွက် တပ်မတော် လုံခြံုရေးယူမည်

ရှမ်းပြည်နယ်ရှိ မဲရုံ ၈၀၀ ကျော်အတွက် တပ်မတော် လုံခြံုရေးယူမည်

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် တစ်ဝန်းလုံးတွင် မဲရုံပေါင်း ၃၄၃၀ ရှိပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေး ဆောင်ရွက်မည့် မဲရုံပေါင်း ၂၆၂၆  ရုံနှင့် တပ်မတော်မှ လုံခြုံရေးယူမည့် မဲရုံပေါင်း ၈၀၄ ရုံရှိကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သတင်းထုတ်ပြန်သည်။

လက်ရှိ ရဲတပ်ဖွဲ့အင်အားအရ ထောင့်စေ့အောင် ဆောင်ရွက်နိုင်မည် မဟုတ်သည့်အတွက် တပ်မတော်မှ တွဲဖက် တာဝန်ယူရခြင်းဖြစ်ပြီး  ပြည်သူ တစ်ရပ်လုံးကလည်း လုံခြုံရေးတွင် ပူးပေါင်းပါဝင် ပေးစေ လိုကြောင်းဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရှမ်းပြည်နယ် တစ်ဝန်းလုံး၌ ပထမအကြိမ် မဲစာရင်းထုတ်ပြန်ရာတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စု စုပေါင်း ၂၈၇၉,၉၆၄ ဦး ရှိပြီး ဒုတိယအကြိမ် မဲစာရင်း ထုတ်ပြန်ရာ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၃၁ သိန်း ၁ သောင်းကျော် ရှိလာကာ ယခုနောက်ဆုံးစာရင်းအရ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် စုစုပေါင်း ၃၂ သိန်း ၂ သောင်းကျော် အထိ တိုးမြင့်လာသည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရှိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ မူဆယ်မြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၁၃မြို့နယ်တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ပြုလုပ်ကျင်းပရန် အခြေအနေမရှိသည့် အတွက် ရွေးကောက်ပွဲ မပြုလုပ်ကြောင်း အောက်တိုဘာလ ၁၂ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေငြာထားသည်။

ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် အကြမ်းဖက်မှုများ ကဲ့သို့ အမျိုးသား လုံခြုံရေးဆိုင်ရာ စိုးရိမ်ရသည့် ကိစ္စများပေါ်လာပါက ကျင်းပမည့်နယ်မြေအား ကန့်သတ်ရန် အခွင့်အရေး ရှိနေသည်ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မည့် အဖွဲ့တစ်ဖွဲ့ဖြစ်သော IDEA ၏ လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

မိုင်းရှုး၊ ကျေးသီး၊ တန့်ယန်း မြို့နယ်များ၌ စစ်ရေးလှုပ်ရှားမှုများ၊ တိုက်ပွဲများ ရှိနေသောကြောင့် ရွေးကောက်ပွဲအား ခေတ္တယာယီ ရပ်ဆိုင်းပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ) မှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အောက်တိုဘာ ၁၉ ရက်နေ့က တင်ပြတောင်းဆို ထားသည်။

WSA 'ဝ' တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်ရာဒေသတို့တွင် ၂ဝ၁ဝ တွင်လည်း မကျင်းပခဲ့နိုင်ခဲ့သလို ၂ဝ၁၅ တွင်လည်း ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly