ရန်ကုန်တွင် စစ်ကောင်စီဗိုလ်မှူးအိမ်ကို မိုင်းဖောက်ခွဲတိုက်ခိုက်

By ဂန္ဒမာ (မဇ္ဈိမ)
05 December 2023
ရန်ကုန်တွင် စစ်ကောင်စီဗိုလ်မှူးအိမ်ကို မိုင်းဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်မှ စစ်ကောင်စီတပ်ဗိုလ်မှူးတဦးနေအိမ်ကို မြို့ပြတော်လှန်ရေးအင်အားစုများက မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။

မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်မှ စစ်ကောင်စီတပ်ဗိုလ်မှူးတဦးနေအိမ်ကို မြို့ပြတော်လှန်ရေးအင်အားစုများက မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။

ဝေဘာဂီမြို့သစ်၊ အမှတ် (၄) ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံဗိုလ်မှူး၏ နေအိမ်ကို ယမန်နေ့ ဒီဇင်ဘာ ၃ ရက်၊ နေ့လယ် ၃ နာရီဝန်းကျင်တွင် တိုက်ခိုက်ခဲ့ခြင်းဟု

Dark Shadow တပ်ဖွဲ့ တာဝန်ခံက ပြောသည်။

" စစ်ကောင်စီလက်အောက်ခံဗိုလ်မှူးလို့ ဖရဲသီးကသတင်းပေးလို့ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ အဝေးထိန်းမိုင်းတလုံးဖြင့်သာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုအခြေနေကိုတော့ အသေးစိတ်မသိရသေးပါဘူး” ဟု ၎င်းက ပြောသည်။

ထိုတိုက်ခိုက်မှုအား Dark Shadow တပ်ဖွဲ့၊ မဟာမိတ် GOD အဖွဲ့နှင့်မြို့ပြတော်လှန်ရေးအင်အားစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဟုသိရသည်။

နေအိမ်တိုက်ခိုက်ခံရသည့် ဗိုလ်မှူး၏အမည်အား မေးမြန်းရာ Dark Shadow အဖွဲ့တာဝန်ခံက ပြန်လည်ဖြေကြားခြင်းမရှိပေ။

ဒေသခံအမျိုးသမီးတဦးက “အဲ့ရပ်ကွက်ထဲမှာက ခြံကြီးတွေအကျယ်ကြီးတွေနဲ့ တိုက်တွေဆောက်ပြီးနေတာ။ လေတပ်ကကောင်တွေတော့များတယ်။ ကြည်းတပ်ကကောင်တွေလည်းရှိတယ်။ဘယ်သူ့အိမ်လဲဆိုတာတော့မသိဘူး။ တပ်က အကောင်ကြီးတွေ များများနေတာတော့သိတယ်" ဟု ပြောသည်။

ထို့အပြင် ယမန်နေ့ ညနေက ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၅ ရပ်ကွက်၊ နတ်ရေကန်အနီး၌ စစ်ကောင်စီအမိန့်ဖြင့်ကျင်းပနေသောပွဲဈေးကို အဝေးထိန်းမိုင်းဖြင့် မြောက်ဒဂုံ - ပကဖက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့်ရက်သတ္တပတ်က ရန်ကုန်ရှိတော်လှန်ရေးအင်အားစုများစုပေါင်းကာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၀ ဈေးတွင် လူထုသပိတ်ပြုလုပ်ခဲ့သည်။ ထိုဈေးမှ ဆိုင်ခန်းများကို စစ်ကောင်စီက ဖျက်ဆီးပြီးနောက် အဆိုပါသတင်းအားဖုံးကွယ်ရန်နှင့်ပြည်သူလူထုအားအာရုံလွှဲပြောင်းရန် ၃၅ ရပ်ကွက်၌ ပွဲဈေးကျင်းပပြုလုပ်နေခြင်းကြောင့် တိုက်ခိုက်ခြင်းဟု မြောက်ဒဂုံ - ပကဖ တာဝန်ခံကဆိုသည်။

၎င်းက “ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်လို့ ပြည်သူတွေကို မထိခိုက်ဖို့ ဦးစားပေး စဉ်းစားရတာကြောင့် လုပ်နိုင်တာထက် လျှော့ခဲ့ရပါတယ်။ သတိပေးရုံ ခြောက်လှန့်ရုံဆိုပြီး ပြည်သူတွေက မပေါ့ပါနဲ့။ပျော်ပွဲရွှင်ပွဲတွေမှာ မသာယာပါနဲ့။ ဆင်ခြင်ပေးပါလို့ အထူးပဲ မေတ္တာရပ်ခံလိုပါတယ်” ဟု ပြောသည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီလက်အောက်ခံများနှင့် စစ်‌ကောင်စီထောက်ခံသူများ တိုက်ခိုက်ခံရမှု ယခု ဒီဇင်ဘာလအတွင်း ပိုမိုဖြစ်ပွားလာသည်။ စစ် ကောင်စီအာဏာသိမ်းမှုကိုထောက်ခံသည့် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ဥက္ကဋ္ဌ ဦးသန်းထွန်းသည် ပြီးခဲ့သည့်ဒီဇင်ဘာလ ၁ရက်က

သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးခဲ့သည်။ရန်ကင်းမြို့မရဲစခန်းလည်း အင်အားပြင်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။

စာတည်း - အေးချမ်း

#ဝေဘာဂီမြို့သစ်

#စစ်ကောင်စီတပ်ဗိုလ်မှူး

#မိုင်းဖောက်ခွဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly