ခွင့်မဲ့၊ စစ်ပြေး စစ်သည်များ ပြန်လည်တာဝန်ထမ်းဆောင်ရန် စစ်ကောင်စီ ပြန်ခေါ်နေ

By 001 (မဇ္စျိမ)
04 December 2023
ခွင့်မဲ့၊ စစ်ပြေး စစ်သည်များ ပြန်လည်တာဝန်ထမ်းဆောင်ရန် စစ်ကောင်စီ ပြန်ခေါ်နေ
Photo - နိုဝင်ဘာလအတွင်းက ကရင်နီပြည်နယ်ရှိ တိုက်ပွဲအတွင်း လက်နက်ချခဲ့သည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့အား​တွေ့ရစဥ်  (KNDF)

ခွင့်မဲ့၊ စစ်ပြေးစစ်သည်များကို သက်ဆိုင်ရာ သို့မဟုတ် နီးစပ်ရာတပ်များတွင် ပြန်လည်လက်ခံပေးသွားမည်ဖြစ်ပြီး စစ်မှုထမ်းဆောင်ရန် ဆန္ဒပြုသည့် သာမာန်ပြစ်မှုကျူးလွန်သူ စစ်ကောင်စီတပ်သားများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားသည့် ဒေသများတွင် စစ်ကောင်စီတပ်သားများအနေဖြင့် လက်နက်ချခြင်း၊ စခန်းစွန့်ခွာထွက်ပြေးခြင်း၊ တော်လှန်ရေးအဖွဲ့များထံ CDM ဝင်ရောက်သည့် ဖြစ်စဉ်များ ဆက်တိုက်ရှိနေချိန်တွင် စစ်ကောင်စီက အထက်ပါအတိုင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

လက်ရှိ စစ်ကောင်စီတပ်တွင် စစ်သည်အင်အားလုံလောက်မှုမရှိသည့်အပြင် တပ်ထဲကို ဝင်မည့် တပ်သားသစ်များလည်း မရှိသည့်အတွက် နည်းလမ်းပြန်ရှာခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးကောင်းသူဝင်းက သုံးသပ်သည်။

“အထူးသဖြင့်တော့ သူတို့ဆီမှာ တပ်အင်အားမှာ တပ်ထဲကိုဝင်တဲ့သူ လုံးဝမရှိဘူး။ နောက်ပြီး တပ်သားသစ်တွေကိုလည်း အတင်းစုဆောင်းခိုင်းနေတာတွေရှိတယ်။ တနှစ်ကို တတပ်ကို ၁၂ ယောက်လောက်ရအောင် မဖြစ်မနေ စုဆောင်းခိုင်းတာတွေလည်း ရှိတယ်။ ဒီလိုမျိုးတွေကြောင့် ဒါတွေကို ပြန်ပြီးတော့ ခေါ်တယ်။ စစ်ပြေးအဖွဲ့တွေကို ပြန်ခေါ်တယ်”ဟု ၎င်းကပြောသည်။

ထို့အပြင် တိုက်ပွဲများဖြစ်ပွားသည့်အချိန်တွင် စခန်းကို စွန့်ခွာသွားသည့် စစ်ကောင်စီတပ်သားများအား အရေးယူမည်ဖြစ်သော်လည်း စစ်ကောင်စီက အရေးမယူတော့ဘဲ ပြန်လည်လက်ခံလိုခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

“အထူးသဖြင့် ဒီအိန္ဒိယနယ်စပ်မှာဖြစ်ခဲ့တဲ့ ရိဒ်စခန်းတို့ သီးဘွာလ်စခန်းတို့ လိုင်လင်းပီစခန်းတို့က အဖွဲ့တွေဆိုရင်လည်း ပုံမှန်အတိုင်းဆိုရင် စခန်းစွန့်ခွာမှုက အရေးယူရမယ့်ကိစ္စ အနေအထားမျိုးတွေရှိတယ်။ ဒါပေမဲ့ ဒီလိုမျိုးဟာတွေမှာ အရေးမယူချင်တဲ့အတွက် ဒီလိုမျိုးစစ်ပြေးတွေတောင် လက်ခံနေတယ်။ နောက်တခုက တပ်ထဲကို စုဆောင်းလို့ရအောင် မျိုးစုံပေါ့နော်။ ဒီလိုမျိုးတပ်ပြေးတွေတောင် ပြန်ပြီးခေါ်နေတယ်ဆိုတဲ့သဘောနဲ့အတူ ပေါ်တာဆွဲတာတွေ နောက်ပြီး ထောင်တွေမှာရှိတဲ့ ထောင်ကျနေတဲ့သူတွေကိုပဲ တပ်ထဲဝင်မလား အဲ့ဒီလိုပုံစံမျိုးတွေပါ အကုန်လုံးရအောင် နည်းလမ်းမျိုးစုံလုပ်လို့ရအောင်အတွက် ဒီလိုမျိုးစာတွေကို ထုတ်ပြန်လာတယ်လို့ ထင်တယ်”ဟု ဗိုလ်ကြီးကောင်းသူဝင်းက ပြောသည်။

တဖက်တွင်လည်း စစ်ကောင်စီလက်အောက်ခံ တပ်သားများ၊ ရဲဝန်ထမ်းများ၊ ပြည်သူ့စစ်များနှင့် အတင်းအဓမ္မ ရှေ့တန်းစေလွှတ်ခံရသူများ အနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားပြီး ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကို တာဝန်ယူပေးမည်ဖြစ်ကာ လိုအပ်သော ထောက်ပံ့မှုများကို အစွမ်းကုန်ကူညီဆောင်ရွက်ပေးမည်ဟု ဆိုထားကြသည်။

တော်လှန်ရေးကာလ သုံးနှစ်ခန့်အတွင်း တနိုင်ငံလုံးအနှံ့အပြား ပြည်သူ့ရင်ခွင် ခိုလှုံလာကြသည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဦး‌ေရ စုစုပေါင်း ၁၄,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုဝင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။

“များသောအားဖြင့်ကတော့ တပ်ကိုစွန့်ခွာလာတဲ့သူတွေကတော့ တပ်ထဲကိုပြန်ဝင်မှာ မဟုတ်ဘူးပေါ့နော်။ ဖြစ်နိုင်တာက တပ်ထိန်းတွေက ဖမ်းမိသွားလို့ အတင်းအကျပ် ပြန်လည်တာဝန်ထမ်းဆောင်ခိုင်းရင်သာ ပြန်လည်တာဝန်ထမ်းဆောင်ခိုင်းတာပဲ ရှိရင်ရှိမယ်။ အဲ့ဒီတော့ ထွက်ပြီးသားသူတွေကတော့ သူတို့ဆီကို ဘယ်လိုနည်းနဲ့မှ ပြန်လာဝင်မှာမဟုတ်ဘူး”ဟု ဗိုလ်ကြီးကောင်းသူဝင်းက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွင် တာဝန်ဆက်လက်မထမ်းဆောင်လိုတော့သည့် တပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံ CDM ဝင်ရောက်လာမှုများ ရှိနေသည့်အပြင် လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ တပ်ရင်းလိုက် လက်နက်ချ အလင်းဝင်သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားနေသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly