မင်းတပ်မြို့နယ်၌ ဖြစ်ပွါးသည့်တိုက်ပွဲများတွင်စစ်ကောင်စီတပ်သား ၇၂ ဦးသေဆုံးဟု CDF – Mindat ထုတ်ပြန်

By ပါခွီး (မဇ္စျိမ)
04 December 2023
မင်းတပ်မြို့နယ်၌ ဖြစ်ပွါးသည့်တိုက်ပွဲများတွင်စစ်ကောင်စီတပ်သား ၇၂ ဦးသေဆုံးဟု CDF – Mindat ထုတ်ပြန်
ပုံအညွှန်း - စစ်ကောင်စီတပ်လေကြောင်းမှ တိုက်ခိုက်မှုကြောင့်ပျက်စီးမှုများ|ဓါတ်ပုံ - CDF - Mindat

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်၌ ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ လက်ရှိအချိန်အထိ တိုက်ပွဲ ၃၂ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇၂ ဦး သေဆုံးကာ ၄၁ ဦး ဒဏ်ရာရခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat က ယနေ့ ဒီဇင်ဘာလ ၄ ရက်တွင်  ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ ဘက်မှ ရဲဘော်နှစ်ဦး ကျဆုံးပြီး ၁၀ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်မြို့နယ်အတွင်း ဇန်နဝါရီလ ၇ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်အတွင်း လေကြောင်းမှ တိုက်ခိုက်မှု ၆၇ကြိမ် ပြုလုပ်ခဲ့ရာ ဒေသခံခြောက်ဦးနှင့်  ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးပြီး ပြည်သူ ၁၅ဦးနှင့် တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၄၉လုံး ၊ ဘုန်းကြီးကျောင်း လေးကျောင်း ၊ ခရစ်ယာန်ဘုရားကျောင်း လေးကျောင်း ၊ စာသင်ကျောင်းလေးကျောင်း ၊ ကားတစီးနှင့် ဆိုင်ကယ်ခုနစ်စီး ပျက်စီးခဲ့ကြောင်း CDF – Mindat ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ စစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ်အတွင်း  ၌ မင်းတပ်မြို့နယ်အတွင်း နှစ်ကြိမ် စစ်ကြောင်းထိုးခဲ့ပြီး  လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ကြောင်းထိုးမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံသုံးဦး ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး ပြည်သူ ၂၀ဦးနှင့် တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိကာ လူနေအိမ် ၅၄လုံး ၊ ကျေးရွာဆေးပေးခန်း တဆောင် ၊ စာသင်ကျောင်း နှစ်ကျောင်း ၊ ခရစ်ယာန်ဘုရားကျောင်း တကျောင်း ၊ ကားတစီး နှင့် ဆိုင်ကယ် ၁၀ စီး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် CDF – Midat အနေဖြင့် ပြည်သူများအား ၎င်းးတို့နေထိုင်ရာ ပတ်ဝန်းကျင်အနီးတဝိုက်တွင် ပုန်းခိုကျင်းများ တူးထားကြရန် အသိပေးခြင်းများ နှင့် တော်လှန်ရေးစိတ်ဓါတ်များ တက်ကြွစေရန် စည်းရုံးရေးများ ပြုလုပ်နေကြောင်း CDF – Midat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

မင်းတပ်မြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ မကြာခန ဖြစ်ပွားလျက်ရှိနေပြီး မြို့‌ပေါ်ရှိ ဒေသခံများအနေဖြင့် လျှပ်စစ်မီးမရရှိခြင်းနှင့် ရေပြတ်လပ်ခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly