မြန်မာစစ်ဘေးဒုက္ခသည်များကို လက်ခံရန် အသင့်ရှိဟု ထိုင်း ပြော

မြန်မာစစ်ဘေးဒုက္ခသည်များကို လက်ခံရန် အသင့်ရှိဟု ထိုင်း ပြော
Photo: AFP

မြန်မာတွင် တိုက်ပွဲများ ထပ်မံအရှိန်မြင့်တက်လာပါက စစ်ဘေးရှောင်ဒုက္ခသည်များကို လက်ခံရန် ထိုင်းအစိုးရအနေဖြင့် နယ်စပ်တလျောက်တွင် ခိုလှုံစခန်းများ တည်ဆောက်ရန် အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီး ဘာဟစ်ဒါ နုကာရာက ပြောသည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာ၏ အခြေအနေကို စောင့်ကြည့်လျက် ရှိသလို ရန်လိုတိုက်ခိုက်မှုများ ရပ်စဲရန်နှင့် တတ်နိုင်သမျှအမြန်ဆုံး ညှိနှိုင်းဆွေးနွေးရန် သက်ဆိုင်သူအားလုံးကို တိုက်တွန်းထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒီဇင်ဘာ ၃ ရက်တွင် ပြောသည်။

“လက်ရှိ အခြေအနေအရတော့ ဒုက္ခသည်တွေ စုပြုံဝင်လာဖို့က ဖြစ်နိုင်ဖွယ် မရှိပါဘူး။ ဒါပေမယ့် အခုကစပြီးတော့ တိုက်ခိုက်မှုတွေ မြင့်တက်လာမယ်ဆိုရင်တော့ ဒုက္ခသည်တွေဟာ ထိုင်းတနိုင်ငံတည်းကိုသာမဟုတ်ဘဲ ဦးတည်ရာအားလုံးဆီ ရောက်လာကောင်း ရောက်လာနိုင်ပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

မြန်မာတွင် ကြားခံစစ်ပွဲတခု ဆိုသည်နှင့်ပတ်သက်ပြီး မည်သည့်သတင်းကိုမှ မရရှိထားကြောင်းလည်း မစ္စတာ ပန်ပရီးက မှတ်ချက်ပြုသည်။

ဒီဇင်ဘာ ၂ ရက်က မြဝတီမြို့တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စီးပွားရေးသမားများနှင့် ကုန်တင်ထရပ်ကားများ နယ်စပ်မြို့တွင် ပိတ်မိသောင်တင်နေခဲ့သည်။ တိုက်ပွဲဖြစ်ပွားရာနေရာသည် ထိုင်းနိုင်ငံ တက်ခ်ပြည်နယ် မဲဆောက်ခရိုင်မှ ၁၀ ကီလိုမီတာခန့် အကွာတွင် ရှိသည်။

မြန်မာရှိ လက်ရှိဖြစ်ပွားဆဲ အခြေအနေက ယခုထက်ထိတော့ ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု မရှိသေးသော်လည်း အကယ်၍ ဒုက္ခသည်များ နယ်စပ်ကို ဖြတ်ကျော် ရောက်ရှိလာပါက ၎င်းတို့အနေဖြင့် လူသားချင်းစာနာမှု အကူအညီ ရရှိလိမ့်မည် ဖြစ်ကြောင်း ထိုင်းစစ်တပ်၏ တပ်မဟာ ၃ တပ်မှူး ဒုဗိုလ်ချုပ်ကြီး ပရာဆန် ဆေအန်ဆီရီရတ်က ပြောသည်။

ထိုင်းနယ်မြေပိုင်နက်ကို ကာကွယ်ရန် စစ်သားများက စောင့်ကြပ်လျက် ရှိသလို ထိုင်းဘုရင့်နိုင်ငံအပေါ် ထိပါးမှု မရှိစေရေးအတွက် စစ်ကောင်စီကလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required