အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲ၍ တောင်တက်သမား ၁၁ ဦး သေဆုံး

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲ၍ တောင်တက်သမား ၁၁ ဦး သေဆုံး
Photo: AFP

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားပြည်နယ်ရှိ မာရာပီ မီးတောင် ပေါက်ကွဲမှုဖြစ်ပြီးနောက် ဒီဇင်ဘာ ၄ ရက်တွင် တောင်တက်သမား ၁၁ ဦးကို သေဆုံးလျက် တွေ့ရှိရကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူတဦးက ပြောသည်။ နောက်ထပ် ပျောက်ဆုံးနေသူ ၁၂ ဦးကို ရှာဖွေရေး ကြိုးပမ်းမှုများကိုလည်း ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ယာယီရပ်နားထားရကြောင်း သိရသည်။

ဒီဇင်ဘာ ၃ ရက် မီးတောင်ပေါက်ကွဲခဲ့ချိန်က ဧရိယာတွင် လူ ၇၅ ဦး ရှိနေခဲ့ခြင်း ဖြစ်ပြီးတောင်တက်သမား ၁၁ ဦး၏ အလောင်းများနှင့်အတူ အသက်ရှင်လွတ်မြောက်သူ သုံးဦးတို့ကို ဒီဇင်ဘာ ၄ ရက်တွင် ပြန်ရှာတွေ့ခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဂျိုဒီ ဟာယာဝမ်က ပြောသည်။

၂,၈၉၁ မီတာ (၉,၄၈၅ ပေ) အမြင့်ရှိ မီးတောင်သည် ဒီဇင်ဘာ ၃ ရက်က ပြာများကို အမြင့် ၃ ကီလိုမီတာအထိ ကောင်းကင်ထက်သို့ ပန်းထုတ်ခဲ့သည်။

အာဏာပိုင်များက သတိပေးချက်အဆင့်ကို ဒုတိယအမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ခဲ့ပြီး ဒေသခံများကိုလည်း မီးတောင်ဝ၏ ပတ်ပတ်လည် ၃ ကီလိုမီတာအတွင်း သွားရောက်ခြင်း မပြုရန် တားမြစ်ခဲ့သည်။မီးတောင်ပြာထုကြီးတခု ကောင်းကင်တွင် ပျံ့နှံ့နေပြီး ကားများနှင့်လမ်းများတွင် ပြာများ ဖုံးလွှမ်းနေသည်ကို ရုပ်သံဗီဒီယိုများတွင် တွေ့ရသည်။

ဒီဇင်ဘာ ၄ ရက်တွင် အသေးစား ပေါက်ကွဲမှုတခုဖြစ်၍ ရှာဖွေမှုလုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့ရသည်ဟု ဂျိုဒီက ပြောသည်။“ကျွန်တော်တို့ ခုချိန်မှာ ဆက်ရှာမယ်ဆိုရင် တော်တော့်ကို အန္တရာယ်များပါတယ်” ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၄ ရက် အစောပိုင်းက ဧရိယာမှ တောင်တက်သမား ၄၉ ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး အများအပြားသည် မီးလောင်ဒဏ်ရာများကြောင့် ကုသမှုခံယူနေရကြောင်း ၎င်းက ပြောသည်။

မာရာပီ မီးတောင်သည် ဆူမားတြားကျွန်းတွင် အလှုပ်ရှားဆုံး မီးတောင်တခုဖြစ်ပြီး ၁၉၇၉ ခုနှစ် ဧပြီလက ပေါက်ကွဲမှုတခုအတွင်း လူ ၆၀ ဦး သေဆုံးခဲ့ရသည်။

ယခုနှစ်တွင်လည်း ယင်းမီးတောင်သည် ဇန်နဝါရီနှင့် ဖေဖေါ်ဝါရီလအကြား ပေါက်ကွဲခဲ့ပြီး ပြာများကို မီးတောင်ထိပ်မှ ၇၅ မီတာ-၁,၀၀၀ မီတာခန့်အထိ ပန်းထုတ်ခဲ့သည်။

အင်ဒိုနီးရှားသည် ပစိဖိတ် မီးကွင်းဟု ခေါ်သည့်ဒေသတွင် တည်ရှိပြီး မီးတောင်ရှင် ၁၂၇ ခု ရှိကြောင်း မီးတောင်ဆိုင်ရာ အေဂျင်စီအရ သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly