တစ်နပ်စား မဲဆွယ်မှုများ အလွန် အဆင့်နိမ့်သည့် လုပ်ရပ်သာဖြစ်ဟု ဦးမင်းကိုနိုင်ပြော

တစ်နပ်စား မဲဆွယ်မှုများ အလွန် အဆင့်နိမ့်သည့် လုပ်ရပ်သာဖြစ်ဟု ဦးမင်းကိုနိုင်ပြော

ရွေးကောက်ပွဲ မဲဆွယ်မှုများတွင် အချို့သော ကိုယ်စားလှယ်လောင်းများက မဲဆန္ဒရှင်များကို မဲဆွယ်ရာတွင် ရုပ်ဝတ္ထု ပစ္စည်းများ ပေးကမ်းလျက်၊ အစားအသောက် ကျွေးမွေးလျက် မဲဆွယ်မှုများကိုရည်ညွှန်းလျက် တစ်နပ်စား မဲဆွယ်မှုလုပ်နေသူများသည် အဆင့်နိမ့်ကျသူများဟု ဖစ်သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြစ်တင် ဝေဖန်လိုက်သည်။

"ရုပ်ဝတ္ထု၊ ငွေကြေး၊ ထမင်းတစ်နပ်နဲ့ မဲဆွယ်တာ သူတို့ကိုယ်တိုင် ဉာဏ်ရည် နိမ့်ကျတယ်ဆိုတာ ဖော်ပြနေတာပဲ။ သူတို့က တိုင်းသူပြည်သား မဲဆန္ဒရှင်တွေကို မစဉ်းစားတတ်တဲ့ သတ္တဝါတွေလို့ သဘောထားပြီး ရုပ်ဝတ္ထုနဲ့ မဲဆွယ်တာကတော့ အင်မတန် အဆင့်နိမ့်ကျတယ်" ဟု အောက်တိုဘာ ၁၈ ရက် ကျောက်တံတားမြို့နယ် ဟောပြောပွဲတွင် ဦးမင်းကိုနိုင်က ဆိုသည်။

ရွေးကောက်ပွဲတွင် နိုင်သည့်သူက တာယူမှုတာဝန်ခံမှု ရှိရမည်ဖြစ်ပြီး ရှုံးသည့်သူက အရှုံးကို လက်ခံ နိုင်ရမည်ဖြစ်ကာ ဘယ်နေရာမှာ ညံ့ဖျင်းလို့၊ ဘယ်နေရာမှာ ပြည်သူများနှင့် တစ်သားတည်း မကျလို့ ဆိုသည့် လက်ခံနိုင်သည့် ရင့်ကျက်မှု ရှိရမည်ဟု ဦးမင်းကိုနိုင်က ဆက်လက်ပြောကြားသည်။

''ကျွန်တော်တို့ တလျှောက်လုံး ကြုံတွေလာခဲ့တာကတော့ ရှုံးရင် ဘယ်တော့မှ မပေးပဲ နောက်တစ်ပွဲ ပြန်စမယ်ဆိုတာပဲ ကြုံခဲ့ရတယ်'' ဟုလည်း ဦးမင်းကိုနိုင်က ဆိုသည်။

အဆိုပါ ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း အောင်နိုင်ရေးမှ ဦးရဲမင်းဦးက အဖွင့်စကားပြောကြားပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ ဦးမြအေး၊ ဦးမင်းကိုနိုင်တို့က ဟောပြောခဲ့ကြသည်။

ဟောပြောပွဲမစတင်မီ ခန့်မှန်းလူဦးရေ သုံးရာကျော်အား အနုပညာရှင်များက အောင်နိုင်ရေးသီချင်းများ သီဆိုဖျော်ဖြေပြီး ပါတီဝင်များက လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မဲပေးခြင်းဆိုင်ရာ အသိပညာ ပေးခြင်းများ ပြုလုပ်ခဲ့သည်။

ကျောက်တံတားမြို့နယ်တွင် ပြည်သူ့လွှတ်တော်အတွက် ဦးနေမျိုးထက်၊ အမျိုးသားလွှတ်တော်အတွက် ဦးဘမျိုးသိန်း၊ တိုင်းဒေကြီး(၁) အတွက် ဒေါ်ကြည်ပြာ၊ တိုင်းဒေသကြီး(၂) အတွက် ဒေါ်မြလှစံ၊ ကရင် တိုင်းရင်းသား ရေးရာဝန်ကြီး နေရာအတွက် ဒေါ်နော်ပန်းသဉ္ဇာမျိုး၊ ရခိုင်တိုင်းရင်းသား အတွက် ဒေါ်စောေ၀ တို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required