ပင်မှည့်သီးကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ်

ပင်မှည့်သီးကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ်

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   
ပင်မှည့်သီး ဖျော်ရည်ဆိုတာ အအေးဆိုင်ရဲ့ မီနူးထဲမှာမရှိမဖြစ်ဖြစ်တဲ့ အအေးတစ်ခုပါ။ အရသာလည်း ရှိသလို သောက်တဲ့လူတိုင်းကိုလည်း ကောင်းကျိုးလေးတွေ ရစေတဲ့ ဒီ ပင်မှည့်သီး ဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင် ။ ။
ပင်မှည့်သီးရဲ့ ကောင်းကျိုးများ ။ ။
( ၁ ) လူကို လန်းဆန်းစေပါတယ်။

ပင်မှည့်သီးဖျော်ရည်ဟာ ချိုအီအီထက် ချဉ်ချိုချိုလေးဖြစ်တာကြောင် သောက်လိုက်တဲ့ လူတိုင်းကို လန်းဆန်းစေမှာ အသေအချာပါ။ ရေဓာတ်ကြွယ်ဝတဲ့အတွက် အခြား ဖျော်ရည်တွေလိုမျိုး သောက်ပြီးတာနဲ့ ရေဆာခြင်းကို မဖြစ်စေသလို ခံတွင်းကိုလည်းရှင်းစေဦးမှာပါ။
( ၂ ) အာဟာရဓာတ်တွေ များစွာပါပါတယ်။

ချဉ်ချိုချို အသီးလေဖြစ်တာကြောင့် ဗီတာမင် C ပါမယ်ဆိုတာကတော့ အထူးပြောနေစရာကို မလိုဘူးထင်ပါတယ်။ ဒါ့အပြင် နှလုံးကြွက်သားတွေနဲ့ သွေးကြောတို့အတွက် လိုအပ်တဲ့  ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်ပြီး အမျှင်ဓာတ် ၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ် ၁၂.၈ ရာခိုင်နှုန်းပါတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။
( ၃ ) ခုခံအားကို တက်စေပါတယ်။

ခုခံအားအတွက် အရေးကြီးတဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်တာကြောင့် ကိုယ်တွင်းကို ဝင်လာမယ့် ရောဂါပိုးတွေကို သူက ကူပြီး တိုက်ထုတ်ပေးမှာ အသေအချာနော်။
( ၄ ) ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါပါတယ်။

အသီးတိုင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝကြတဲ့အတွက် အသီးတစ်မျိုးဖြစ်တဲ့ ပင်မှည့်သီးလည်း အတူတူပါပဲ။ သူ့ရဲ့ ကြွယ်ဝတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးမှာ ဖြစ်တဲ့အပြင် ကင်ဆာရောဂါ မဖြစ်အောင်လို့လည်း ကာကွယ်ပေးဦးမှာပါ။
( ၅ ) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

ပင်မှည့်သီးက အစာကြေ စေတဲ့အပြင် အစာခြေစနစ်ကို ကူညီပေးတဲ့အတွက် အစာအိမ်သမားတွေ အထူးအားထားရတဲ ့ အသီးတစ်ခုပါ။
( ၆ ) ဓာတ်မတည့်ခြင်းဖြစ်တတ်သူများအတွက်လည်း အားထားရတဲ့ အသီးတစ်ခုပါ။

ဓာတ်မတည့်ပစ္စည်းတွေထွက်တာ၊ ကိုယ်တွင်းရောင်ရမ်းတာတွေကို သက်သာစေတဲ့အတွက် ပင်မှည့်သီးဟာ ပန်းနာရင်ကြပ်သမားတွေ အတွက် လက်စွဲ အသီးတစ်ခုပါ။
( ၇ ) အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

ပင်မှည့်သီးရဲ့ ကြွယ်ဝလှတဲ့ flavonoids တွေက သင့်မျက်လုံး အပေါ် သက်ရောက်တဲ့ ဓာတုပစ္စည်းမှန်သမျှကို ဖယ်ရှားပေးမှာ ဖြစ်လို့ မျက်လုံးကျန်းမာရေးအတွက်လည်း အသုံးဝင်လှတဲ့အသီးတစ်ခုနော်။
( ၈ ) သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။

ပင်မှည့်သီးမှာပါတဲ့ non-heme iron ( အပင်ကရတဲ့ သံဓာတ်) ကြောင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါတွေကိုလည်း ကာကွယ်ပြီးသားဖြစ်မှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required