နိုင်ငံအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွင် ကရင်ပြည်နယ်သည် ထိပ်ဆုံး၌ ရှိနေ

နိုင်ငံအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွင် ကရင်ပြည်နယ်သည် ထိပ်ဆုံး၌ ရှိနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ။             ။ အဖွဲ့အစည်းအသီးသီးမှ ထောင်ထားသောမြေမြှုပ်မိုင်းများကြောင့် ထိခိုက်၊ သေဆုံးမှုစာရင်းတွင် ကရင်ပြည်နယ်သည် ထိပ်ဆုံး၌ ရပ်တည် နေကြောင်း မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့မှ သုတေသနပြုသူ Mr.Yeshua Moser-Puangsuwan က ပြောသည်။

မြန်မာနိုင်ငံ၏ မြေမြှုပ်မိုင်းနှင့် ပက်သက်သည့် ကိစ္စရပ်များကို သုတေသနပြုလုပ်စောင့်ကြည့်နေသည့် မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအထိ တွေ့ရှိချက်များ အစီရင်ခံစာ မိတ်ဆက်ပွဲတစ်ရပ်ကို ဒီဇင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီးခန်းမတွင် ပြုလုပ်ခဲ့ပြီး မီဒီယာများအား ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကရင်ပြည်နယ်ကတော့ အများဆုံးပေါ့နော်။ ဒီမိုင်းကိုရှာဖွေပြီး ဖျက်ဆီးဖို့အတွက် ကရင်ပြည်နယ်က အများကြီး အာသီသရှိတယ်။ အပစ်ရပ်မဟုတ်တဲ့ ဧရိယာတွေ၊ Peace ဧရိယာမဟုတ်တဲ့ နေရာတွေမှာလည်း ရှိကောင်းရှိမယ်။ ယေဘုယျအားဖြင့်တော့ အရပ်ဖက်နေထိုင်ကြတဲ့ ပြည်သူလူထုတွေကတော့ မိုင်းကိုလုံးဝမကြိုက်ဘူး။ ဒါကြောင့် ဖျက်ဆီးပေးဖို့လည်း လွှတ်တော်အမတ်တွေ ပြောနေကြပါပြီ“ ဟု Mr.Yeshua Moser-Puangsuwan က ပြောသည်။

၁၉၉၉ ခုနှစ်မှစတင်၍ ၂၀၁၇ ခုနှစ်ကုန်အထိ စာရင်းများအရ မြန်မာနိုင်ငံတွင်  မြေမြှုပ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာရသူ ၄၁၉၃ ဦးထိရှိနေပြီး ၎င်းတို့ အထဲမှ ၅၃၇ ဦးမှာ သေဆုံးခဲ့ရကြောင်း အဆိုပါအစီရင်ခံစာအရ သိရသည်။

အဆိုပါ ထိခိုက်သေဆုံးမှုပမာဏတွင် ကရင်ပြည်နယ်သည် ၂၆ ဒဿမ ၇ ရာခိုင်နှုန်းထိရှိခဲ့ပြီး ၊ ကချင်ပြည်နယ်မှာ ၂၆ ဒဿမ ၂ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာက အများဆုံးရှိနေခဲ့သည်။

ထို့အပြင် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံထဲက မိုင်းနှင့် စစ်ကျန် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကြောင့် ထိခိုက်မှုအနည်းဆုံး ၂၀၂ ဦးရှိခဲ့သည်ဟုလည်း အဆိုပါအဖွဲ့က ခန့်မှန်းထားသည်။

သို့သော်လည်း အဆိုပါစာရင်းများထဲတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ တပ်မတော်သားများ၏ ထိခိုက်၊ သေဆုံးမှုများ မပါဝင်သကဲ့သို့ မိုင်းနင်းမိ၍ ချက်ချင်း သေဆုံးသွားသောသူများ၏ စာရင်းတို့ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိသေးဟု သိရသည်။

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်ဒေသများတွင် မြေမြှုပ်မိုင်းများ အများဆုံးတွေ့နိုင်ပြီး ကရင်ပြည်နယ်က ပထမ၊ ကချင်ပြည်နယ်က ဒုတိယအများဆုံးဖြစ်ကာ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင်လည်း မြေမြှပ်မိုင်းများရှိနေကြောင်းလည်း ၎င်းအဖွဲ့၏ အစီရင်ခံစာအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required