မန္တလေးတွင် ဆောင်းရာသီအငွေ့အသက်များဖြင့် ဖော်ပြမည့် မီးအလှပြပွဲ ကျင်းပမည်

မန္တလေးတွင် ဆောင်းရာသီအငွေ့အသက်များဖြင့် ဖော်ပြမည့် မီးအလှပြပွဲ ကျင်းပမည်

မန္တလေး၊ နိုဝင်ဘာ ၂၇ ။               ။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေအနီးရှိ Yadanarbon Event park တွင် Love & Joy (LJ) ကုမ္မဏီမှ ကြီးမှူးကာ ဆောင်းရာသီ၏အငွေ ့အသက်များကို ပုံဖော်ပြသမည့် မီးအလှပြပွဲကို လာမည့် ဒီဇင်ဘာလ ၁၄ ရက် မှ ၂၇ ရက်ထိ ကျင်းပမည် ဖြစ်သည်။

အဆိုပါ ပြပွဲတွင် LED မီးလုံးများဖြင့် ပုံဖော်ထားသော လှိုဏ်ခေါင်း၊ ခေါင်းလောင်း၊ စောင်း၊ ပဲလေ့စ် မျှော်စင်၊ အိမ် နှင့် လေရဟတ်၊ ဆွမ်းအုပ်၊ အင်းလေး တံငါသည်၊ လင်းပိုင်၊ ပန်ဒါဝက်ဝံ၊ ကြောင်၊ ဒေါက်ဖိနပ်၊ ဝိုင်ခွက်၊ အသည်းပုံပန်းခင်း၊ ကြာပန်း၊ ခြင်းကစားနေပုံ စသည့် LED အနုပညာပြကွက် ၄၀၀ နီးပါး ပြသမည်ဖြစ်ပြီး LED မီးလုံး သန်း ၁၀၀ ကျော် အသုံးပြုမည်ဖြစ်သည်။

'' ကျင်းပမယ့် အချိန်က ဒီဇင်ဘာလ၊ ဆောင်းတွင်းလဲဖြစ်တော့ နှင်းကျနေတဲ့ ခံစားချက်ကို ရရှိအောင်ရယ် ဒီဇင်ဘာ အမွေအသက်တွေရယ် ခံစားနိုင်အောင် အဓိက ပုံဖော်ပြသမှာပါ၊ ဒီပွဲမှာ လည်ပတ်ကြည့်ရှုရင် ညောင်းရင် ထိုင်လို့ ရသလို အလှဓာတ်ပုံလဲ ရိုက်နိုင်ဖို့အတွက် ထိုင်ခုံတွေ ဒန်းတွေကို LED မီးတွေ အလှဆင်ပေးထားမှာပါ၊ ဘာမှ အန္တရာယ်မရှိအောင် အားသွင်းရတဲ့ LED မီးတွေနဲ့ အလှဆင်ပေးထားမှာ ဖြစ်ပါတယ်၊ မန္တလေးပွဲအတွက် သေချာပြင်ဆင်ထားမှာပါ '' ဟု Love & Joy (LJ) ကုမ္မဏီ မန်နေဂျင်း ဒါရိုက်တာ ဦးရဲမြင့်က ပြောသည်။

LED မီးအလှပြပွဲ ဝင်ကြေးများမှာ လူကြီးတစ်ဦးလျှင် ၂၀၀၀ ကျပ်၊ ကလေးတစ်ဦးလျှင် ၁၀၀၀ ကျပ် သတ်မှတ် ထားပြီး ရဟန်းသံဃာများ၊ သီလရှင်များ၊ ၅ နှစ်အောက်ကလေးငယ်များ၊ မသန်စွမ်းများနှင့် သက်ကြီးရွယ်အို များအား အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly