ကချင်နဲ့ ရှမ်းမှာ တပ်စခန်းတွေ အသိမ်းခံထားရတဲ့ စစ်ကောင်စီက လေကြောင်းမှ ပြန်လည်တိုက်ခိုက်နေ

By မဇ္ဈိမ 
23 October 2023
ကချင်နဲ့ ရှမ်းမှာ တပ်စခန်းတွေ အသိမ်းခံထားရတဲ့ စစ်ကောင်စီက လေကြောင်းမှ ပြန်လည်တိုက်ခိုက်နေ

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က စခန်းပြန်ရရှိရေးကို လေကြောင်းပစ်ကူအသုံးပြုပြီး ပြန်လည်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၁၉ ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ရဲ့ အနောက်တောင်ဘက် ၁၀ မိုင်ခန့် အကွာမှာရှိတဲ့ နမ့်ကွတ်စခန်းကို နေရာ(၃)နေရာမှ အင်အားအလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ညနေ ၄ နာရီမှာ စခန်းကို KIA က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ စခန်း ပြန်လည် ရရှိရေး အတွက်စစ်ကောင်စီတပ်က  KIA တပ်မဟာ(၆)နေရာကို လေကြောင်းနဲ့ အမြောက်ပစ်ကူကာ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၀ ရက် နေ့လယ်ပိုင်းက ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ရွာအနီးက လဲလုံစခန်း (အောင်ဂျာစခန်း)ကိုလည်း KIA က သိမ်းဆည်းခဲ့တာကြောင့် စခန်းပြန်ရရေး လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နှစ်ဘက်တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ တနေကုန်ပစ်ခတ်တာတွေ ရှိနေကြောင်းဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ရက်နေ့က စစ်ကောင်စီစခန်း တခုကို KIA က သိမ်းယူခဲ့တာဖြစ်ပြီး ကျန်ရှိနေတဲ့စခန်း ၂ခုကို ဆက်လက် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

တချိန်တည်းမှာပဲ ဖားကန့်မြို့နယ် တာမခန်ဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ KIA အကြား လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိနေပြီး ဒေသခံ တချို့ တိမ်းရှောင်နေကြရပါတယ်။

ဒါ့အပြင် ဖားကန့်မြို့နယ် ဟောင်ပါးရွာနဲ့ အနီးနားရွာက ဒေသခံ တစ်ရာနီးပါးဟာ (KIA) နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေဖြစ်လာမှာ စိုးရိမ်တာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က တာမခန်ရွာအနီး တပ်စွဲထားသလို KIA ကလည်း အဲဒီရွာနဲ့ သုံးမိုင်အကွာမှာရှိတဲ့ ဟောင်ပါးရွာအနီး တပ်စွဲထားပြီး ပြီးခဲ့တဲ့ရက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ပထမအပတ်ကစလို့ ကချင်ပြည်နယ်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်လာနေတာပါ။

အောက်တိုဘာ ၉ ရက်နေ့က မုန်လိုင်ခက်ရွာက စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုမှာ ကလေးငယ် ၁၁ ဦး အပါအဝင် ၂၉ ဦး သေဆုံးပြီး ဒုက္ခသည် ၅၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ နှစ်သောင်းခွဲ ကျော်ရှိပြီး စစ်တပ်အာဏာမသိမ်းခင်က အရေအတွက်နဲ့ပေါင်းရင် တစ်သိန်းတစ်သောင်းကျော်အထိ ရှိလာကြောင်းသိရပါတယ်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required