ထောင်ဝင်စာ ဧည့်တွေ့ခွင့် စစ်ကောင်စီပြန်ဖွင့်ပေး

By မဇ္ဈိမ 
23 October 2023
ထောင်ဝင်စာ ဧည့်တွေ့ခွင့် စစ်ကောင်စီပြန်ဖွင့်ပေး

မြန်မာနိုင်ငံမှာ ကိုဗစ်စတင်တွေ့ရှိချိန်တည်းက ပိတ်ပင်ထားတဲ့ ထောင်ဝင်စာတွေ့ခွင့်ကို အောက်တိုဘာနောက်ဆုံးပတ်က စတင်ပြီး  အာဏာသိမ်း စစ်ကောင်စီက ကန့်သတ်ချက်တွေနဲ့ ပြန်လည်ခွင့်ပြုမယ်လို့သိရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်ထားချက်တွေကို နေရာအတော်များများမှာ လျှော့ချပေမဲ့ ထောင်ဝင်စာတွေ့ခွင့်ကိုတော့ စစ်ကောင်စီက ဆက်ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ထောင်ဝင်စာဧည့်တွေ့ခွင့်ကို နိုင်ငံတဝှမ်း အကျဉ်းထောင် အသီးသီးမှာ ပြန်လည်ခွင့်ပြုမှာဖြစ်ပြီး အကျဉ်းထောင်အလိုက် တွေ့ခွင့်ရမယ့် ရက်အနည်းငယ် ကွာနိုင်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်တဲ့သူတွေကို ကိုးကားပြီး  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားပါတယ်။

တစ်လကိုတစ်ကြိမ်နှုန်း အကျဉ်းသားနဲ့ မိသားစုဝင်တစ်ဦးတွေ့ခွင့်ရမယ်လို့ သိရပါတယ်။

လက်ရှိတွေ့ခွင့်ရမယ့် အကျဉ်းထောင်တွေကတော့ သာယာဝတီထောင် ၊ သရက်ထောင် ၊မကွေး ထောင် ၊အိုးဘိုထောင်နဲ့ မြင်းခြံအကျဉ်းထောင်တွေ ပါဝင်တာကို ကနဦးသိရတယ်လို့ အဲဒီနိုင်ကျဉ်းကွန်ရက်က ဆိုပါတယ်။

ထောင်ဝင်စာဧည့်တွေ့ခွင့်ကို စစ်ကောင်စီက ပြန်လည်ခွင့်ပြုပေမယ့် ကန့်သတ်ချက်အများအပြား သတ်မှတ်ထားတယ်လို့သိရပါတယ်။

ဒီလို မိသားစုတွေနဲ့ ပြန်လည်တွေ့ဆုံခွင့်ပေးမယ့်ဆိုတဲ့ သတင်းတွေဟာ လွန်ခဲ့တဲ့ နှစ်လကျော် ကတည်းက ထွက်ပေါ်နေတာဖြစ်ပြီး လက်ရှိ ထောင်ဝန်ထမ်းတွေဆီက အတည်ပြုပြောဆိုတာတွေ ရရှိနေပြီလို့ လစဉ်ထောင်ဝင်စာပေးပို့နေသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အကျဉ်းကျနေသူတွေနဲ့ မိသားစုဝင်တွေ တွေ့ခွင့်မရှိတာကြောင့် ကြားခံဆက်သွယ်သူတွေက တဆင့် လိုအပ်တာတွေ ပေးပို့နေရတာ ဖြစ်ပါတယ်။ 

လက်ရှိမှာ အကျဉ်းသားတွေကို နှစ်ပတ်တစ်ကြိမ် ထောင်ဝင်စာပို့ခွင့် ပြုထားတာဖြစ်ပြီး တွေ့ဆုံခွင့်ပေးမယ့် အစီအစဉ်ကိုတော့ အသိပေးစာမကပ်သေးဘူးလို့ အဲဒီ မိသားစုဝင်က ပြောပါတယ်။ 

အကျဉ်းထောင်ထဲမှာ ထောင်အာဏာပိုင်တွေရဲ့ ပြင်ဆင်မှုတွေနဲ့ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ် အကြောင်းကြားတာမျိုးတွေ လုပ်လာတာဖြစ်တဲ့အတွက် ဒီလအတွင်း အကျဉ်းထောင်တွေတော်တော်များမှာ တရားဝင်ထောင်ဝင်စာ ဧည့်တွေ့ခွင့်ရမယ်ဆိုတာ သေချာတယ်လို့ အကျဉ်းသားရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

စစ်ကြောရေးမှာ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်တာတွေကြောင့် နားမကြားတာ၊ ကိုယ်လက်အင်္ဂါချို့ယွင်းတာအပါအဝင် ထိခိုက်ဒဏ်ရာ အကြီးအကျယ်ရတာမို့ မိသားစုဝင်တွေက ကျန်းမာရေးအခြေအနေသိရဖို့ ထောင်ဝင်စာတွေ့ခွင့် ရချင်နေတာပါ။

ထောင်ဝင်စာတွေ့ခွင့်ရဖို့အတွက် အိမ်ထောင်စုစာရင်းနဲ့ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာနဲ့ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးကြောင်း ‌ထောက်ခံစာ စတဲ့ ကန့်သတ်ချက်တွေ အကျဉ်းဦးစီးဌာနက သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ထောင်ဝင်စာပစ္စည်းတွေကို လျှော့ချကန့်သတ်ထားတဲ့အတွက် ထောင်ဝင်စာတွေ့ခွင့်အပြင် ထောင်ဝင်စာပစ္စည်းအရေအတွက် တိုးပေးဖို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်ချက်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ ဖမ်းဆီးခံထားရတဲ့ အရပ်သား နှစ်သောင်း ငါးထောင်ကျော်ရှိပြီး၊ အဲဒီအထဲက ခုနစ်ထောင့်ရှစ်ရာကျော်ကို နိုင်ငံရေးအမှုတွေနဲ့ ထောင်ဒဏ်တွေ ချထားတယ်လို့ ဖော်ပြပါတယ်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required