ဆန္ဒပြကျောင်းသား ၄ ဦး လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

ဆန္ဒပြကျောင်းသား ၄ ဦး လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

မန္တလေး၊ဧပြီ ၂၈ ။             ။ မန္တလေးမြို့မှာ ဧပြီလ ၂၆ ရက်နေ့က ဆန္ဒပြခဲ့သည့်ကျောင်းသား ၄ ဦးကို မေလ ၂ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်ဟု ချမ်းအေးသာစံမြို့နယ်တရားရုံးမှ တွဲဖက်တရားသူကြီး ဦးမောင်မောင်သက်လွင်က မဇ္ဈိမကိုပြောသည်။

"တရားလိုပြ သက်သေ ၄ ဦးကို ဒီနေ့စစ်ဆေးပြီးပြီဆိုတော့ လာမယ့်ရုံးချိန်းမှာ အမိန့်ချမှာပါ။"ဟု ဦးမောင်မောင်သက်လွင်ကပြောသည်။

စစ်ကိုင်းပညာရေးကောလိပ်တွင် ကျောင်းအာဏာပိုင်များက ဖိနှိပ်အုပ်ချုပ်နေသည်ဟုဆိုကာ ကျောင်းသားအချို့က မန္တလေးမြို့ရှိ အထက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာနရှေ့၌ လာရောက်ဆန္ဒပြခဲ့စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဒုရဲမှူး ပြေဦးမှ တရားလိုပြု၍ ကိုကောင်းဇော်ဟိန်း၊ကိုဇော်ရဲထွဋ်၊ကိုနှင်းအောင်နှင့်ကိုရဲမျိုးဆွေ(ခ)မောင်ဆွေသင်းတို့ကို ပုဒ်မ ၁၉ ဖြင့်ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၂၇ ရက်က ပထမအကြိမ်အဖြစ် ရုံးထုတ်ခဲ့ပြီး ဧပြီလ ၂၈ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးထုတ်ကာ တရားလိုပြ သက်သေ ၄ ဦးကို စစ်ဆေးခဲ့သည်။

ဖမ်းဆီးခံကျောင်းသားများသည် တရားရေးကို အယုံအကြည်မရှိဟုဆိုကာ တရားရုံးကို သပိတ်မှောက်ထားသည်။

"သူတို့က တရားရုံးက ပေးတဲ့ အခွင့်အရေးကို ဘာမှမယူပါဘူး။ သူတို့မှာ ပြန်လည်ချေပပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် သူတို့ဘာမှမလုပ်ပါဘူး။ ကျွန်တော်တို့ကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လုပ်ရမှာပါ"ဟု တွဲဖက်တရားသူကြီး ဦးမောင်မောင်သက်လွင်က ပြောသည်။

ဖမ်းဆီးခံကျောင်းသားများအနေဖြင့် ချမှတ်သည့် အပြစ်ဒဏ်ကို ခံယူသွားမှာဖြစ်ပြီး ပညာရေး ဖိနှိပ်ခံနေရမှုများကို ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required