အကျဉ်းဦးစီးဌာနများအား အရေးယူရန် ကလေးမြို့ အကျဉ်းထောင်မှ နိုင်ကျဉ်းများက တော်လှန်ရေးအင်အားစုများထံ အသိပေး

By 001(မဇ္စျိမ)
19 November 2023
အကျဉ်းဦးစီးဌာနများအား အရေးယူရန် ကလေးမြို့ အကျဉ်းထောင်မှ နိုင်ကျဉ်းများက တော်လှန်ရေးအင်အားစုများထံ အသိပေး

စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲ၊ တရားရုံးနှင့် အကျဉ်းဦးစီးဌာနများ ပုံမှန်လည်ပတ်နေမှုကို တားဆီးရပ်တန့်ပေးရန်နှင့် ထိထိရောက်ရောက် အရေးယူရန် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်ကလေး အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများက တော်လှန်ရေးအင် အားစုများထံ အသိပေးကြောင်း အကျဉ်းထောင်တွင်းမှ ရရှိသည့်စာအရ သိရသည်။

နိုင်ငံရေးအကျဉ်းသားများက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီး၊ လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူလူထုထံသို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB ) ကလည်း နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်သည်။

“၎င်းဌာနများ ပုံမှန်လည်ပတ်ခြင်းကြောင့် ယနေ့ထိတိုင်ဖမ်းဆီးချုပ်နှောင်မှုများ၊ ဖိနှိပ်မှုများ၊ မတရားသဖြင့် အမှုတပ်၊ အမှုစွပ်စွဲခြင်းများနှင့် ငွေကြေးလိမ်လည်မှုများ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများကိုယ်တိုင် ဆိုးရွားစွာခံစားနေရပါသည်”ဟု အဆိုပါ စာတွင် ရေးသားထားသည်။

ထိုသို့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ ဌာနများ ယန္တရားလည်ပတ်မှုကို တားဆီးပိတ်ပင်ရပ်တန့်ပေးခြင်းနှင့် ထိထိရောက်ရောက် အရေးယူပေးခြင်းဖြင့် တဖက်တလမ်းမှ နိုင်ငံရေးအကျိုးအမြတ်ရနိုင်မည်ဟုလည်း ယုံကြည်ကြောင်း ဆိုထားသည်။

ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများအနေဖြင့်လည်း ဖမ်းဆီးဖိနှိပ်ချုပ်ချယ်မှုများကို ကိုယ်တိုင်ကြုံတွေ့ခံစားနေရသော်လည်း ရောက်ရာနေရာဒေသများမှ ဆက်လက်တော်လှန်သွားမည်ဖြစ်ကြောင်းလည်း ပါရှိသည်။

အဆိုပါ မော်လိုက်ကလေးကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၅၀ နီးပါးရှိပြီး အကျဉ်းသားများအနေဖြင့် ဆေးကုသခွင့်လည်း လုံလုံလောက်လောက်မရရှိကြောင်း ကလေးမြို့ပင်မသပိတ်ကော်မတီဝင် ကိုဗိုက်ပူက ပြောသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ နိုင်ငံတဝန်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း  ၂၅,၄၂၀ ဦးရှိပြီး ထိုအထဲမှ ၁၉,၆၉၃  ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၈,၀၆၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရ​​ကြောင်း နိုင်ငံ​ရေးအကျဥ်းသားများ ကူညီ​စောင့်​ရှောက်​ရေးအသင်း( AAPP)၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required