ABSDF ဥက္ကဌအဖြစ် ရဲဘော်သံခဲ ဆက်လက်ရွေးချယ်တင်မြှောက်ခံရ

By YT(မဇ္ဈိမ)
19 November 2023
ABSDF ဥက္ကဌအဖြစ် ရဲဘော်သံခဲ ဆက်လက်ရွေးချယ်တင်မြှောက်ခံရ
ပုံအညွှန်း- ABSDF ဥက္ကဌ ရဲဘော်သံခဲ ( ဓါတ်ပုံ- ABSDF)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)​၏ (၁၂) ကြိမ်မြောက် ညီလာခံတွင် ရဲဘော်သံခဲက ဥက္ကဌအဖြစ် ဆက်လက်အရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရကြောင်း သိရသည်။

ညီလာခံကို   နိုဝင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ၁၈ ရက်တိုင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ရဲဘော်သံခဲသည် ၂၀၀၁ ခုနှစ်တွင် ကျင်းပခဲ့သည့် ABSDF ​၏ (၆) ကြိမ်မြောက် ညီလာခံမှစတင်၍ ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရခြင်းဖြစ်ပြီး ယခု (၁၂) ကြိမ်မြောက် ညီလာခံသက်တမ်းအထိ ခုနစ်ကြိမ်ဆက်တိုက် ရွေးချယ်တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။

" ဥက္ကဌက ဆဋ္ဌမအကြိမ်မှာ စရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ သက်တမ်း ခုနစ်ကြိမ်ရှိပြီပေါ့နော်။ ABSDF ရဲ့ဥပဒေမှာ ဥက္ကဌသက်တမ်းကို ကန့်သတ်ထားတာ မရှိပါဘူး။ ဥက္ကဌဖြစ်ဖို့လည်း အဆင့်ဆင့် ရွေးချယ်ရတာ ဖြစ်ပါတယ်" ဟု ABSDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ကျော်ကျော်လင်းက မဇ္ဈိမကိုပြောသည်။

ABSDF သည် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး လက်ရှိတွင် ကချင်၊ ရှမ်း၊ ယော၊ တမူး၊ ကရင်၊ မွန်၊ တနင်္သာရီ ဒေသများတွင် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များ၊ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်း​တစ်ခုဖြစ်သည်။

ABSDF ​၏ ညီလာခံအား သုံးနှစ်တကြိမ် ကျင်းပလေ့ရှိပြီး ယခု (၁၂) ကြိမ်မြောက် ညီလာခံတွင် အမျိုးသမီး ရဲဘော်များသာမက ၂၀၂၁ ခုနှစ်၊ စစ်ကောင်စီအာဏာသိမ်းမှုနောက်ပိုင်း ABSDF သို့ ဝင်ရောက်လာသည့် မျိုးဆက်သစ် ရဲဘော်များကိုပါ ဗဟိုကော်မတီတွင် ထည့်သွင်းရွေးချယ်ခဲ့ကြောင်း ရဲဘော်ကျော်ကျော်လင်း​၏ ပြောကြားချက်အရ သိရသည်။

" ကျွန်တော်တို့ ABSDF က နှစ်ပေါင်း ၃၅ နှစ်ကြာ လက်နက်ကိုင် တော်လှန်ရေးမှာ ရှုထောင့်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ ပါခဲ့ပါတယ်။ လက်ရှိလည်း နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ ခေါင်းဆောင်အသစ်၊ မျိုးဆက်အသစ်နဲ့အတူ ABSDF ကို အသွင်သစ်တခုအနေနဲ့ ဆက်ပြီး လုပ်သွားမှာပါ" ဟု ရဲဘော်ကျော်ကျော်လင်းက မဇ္ဈိမကိုပြောသည်။

 ညီလာခံတွင် ဥက္ကဌအပါအဝင် ဗဟိုကော်မတီဝင် ၂၁ ဦး၊ အရန်ဗဟိုကော်မတီဝင်လေးဦး စုစုပေါင်း ၂၅ ဦးတို့အား လျို့ဝှက် မဲပေးစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြပြီး ဥက္ကဌအဖြစ် ရဲဘော်သံခဲ၊ ဒု- ဥက္ကဌအဖြစ် ရဲဘော်လှဆိုင်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ရဲဘော်ဆန်နီ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ အဖြစ် ရဲဘော်ကျော်ကျော်လင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ အဖြစ် ရဲဘော်ရဲထွတ် (ခ) လှဌေးတို့ အသီးသီး ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ABSDF ​၏ ညီလာခံအဆက်ဆက် ဥက္ကဌများမှာ ရဲဘော်ထွန်းအောင်ကျော်၊ ရဲဘော်မိုးသီးဇွန်၊ ရဲဘော်နိုင်အောင်၊ ရဲဘော်စိုင်းမြင့်သူ၊ ရဲဘော်သံခဲတို့ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required