တစ်သီးပုဂ္ဂလအမြင်များ ရှေ့တန်းတင်မဆွေးနွေးရန် CNF ဥက္ကဋ္ဌတိုက်တွန်း

တစ်သီးပုဂ္ဂလအမြင်များ ရှေ့တန်းတင်မဆွေးနွေးရန် CNF ဥက္ကဋ္ဌတိုက်တွန်း

ထန်တလန်၊ ဖေဖော်ဝါရီ ၂၈ ။               ။ ချင်းပြည်နယ်၊ ဟားခါးခရိုင် ထန်တလန်မြို့တွင်ပြုလုပ်နေသည့် ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် တက်ရောက်လာသူများအနေဖြင့် တသီးပုဂ္ဂလ အမြင်များထက် ချင်းအမျိုးသားရေးကိုသာ ဦးစားပေးဆွေးနွေးကြရန် ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူဇင်ကျုံးက တိုက်တွန်းလိုက်သည်။

“ ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်တာက ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များအပြည့်အဝရှိပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောင်နိုင်ရေးအတွက် ချင်းလူမျိုးတွေရဲ့ ဘုံသဘောထား ရပ်တည်ချက်တွေကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ ပါတီနိုင်ငံရေး အဖွဲ့အစည်းနိုင်ငံရေးနဲ့ တစ်သီးပုဂ္ဂလ အမြင်တွေကို ရှေ့တန်းမတင်ဘဲ ချင်းအမျိုးသား အရေးကို ဦးထိပ်ထားရမှာဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ချင်းအမျိုးသားများ ပါဝင်သည့် ပြည်ထောင်စုပါတီများမှလည်း ဆွေးနွေးပွဲမှရသည့် ဘုံအခြေခံမှု၊ ဘုံရပ်တည်ချက်၊ ဘုံသဘောထားများကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက ရလာတဲ့ ရလာဒ်အတိုင်း အမျိုးသားရေးတာဝန်တစ်ရပ်အနေနှင့် ရပ်တည်ရန်လည်း ပူဇင်ကျုံးက ပြောဆိုသည်။

ချင်းအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ဒုတိယနေ့ကို ဆက်လက်ပြုလုပ်နေပြီး ယနေ့ ဖေဖော်ဝါရီ ၂၈ရက်တွင် ကဏ္ဍကြီး ၈ချက်ကို အုပ်စု ၉ စုဖွဲ့ပြီး ဆွေးနွေးနေသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ချင်းအမျိူးသားတပ်ဦး CNF အထွေထွေအတွင်းရေးမှူး ဆလိုင်းထလဟေးက “ အဲ့ဒီအဖွဲ့တွေ ကလည်းပဲ ၂၁ ရာစုပင်လုံမှာဆွေးနွေးသွားမယ့် အခြခံမှုများကိစ္စကို ဆွေးနွေးနေတာဖြစ်ပါတယ်။ ဒီနေ့ ဒုတိယနေ့ကတော့ အဖွဲ့အလိုက်နဲ့ပဲ ဆွေးနွေးပြီးတော့မှ ဒီဆွေးနွေးချက်တွေကို မနက်ဖြန်ပြန်စု မှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

အချုပ်အခြာအာဏာ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒရယ်မူဝါဒ၊ တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း၊ ဒီမိုကရေစီအခွင့်အရေး ( အခြေခံလူ့အခွင့်အရေးနှင့် ကျားမဆိုင်ရာတန်းတူညီမျှမှု ၊ ပါတီစုံဒီမိုကရေစီ ၊ ဘာသာရေးကို အခြေမခံသည့်နိုင်ငံ၊ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အခြေခံရမည့် အခြားမှုများ စသည့် ၉ချက်ကို ဆွေးနွေးနေကြခြင်းဖြစ်သည်။

ချင်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ လုံခြုံရေးကိစ္စကလွဲပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်တို့အား ဆွေးနွေးသွားမည်ဟု သိရသည်။ ဆွေးနွေးပွဲကို   ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်အထိ သုံးရက်တာ ပြုလုပ်မည်ဖြစ်သည်။

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့မှာချင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ပြုလုပ်နေခြင်းဖြစ်ပြီး ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ CNDJC မှ တာဝန်ရှိသူများ၊ ချင်းအမျိူးသားတပ်ဦးမှ တာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားနှင့် နိုင်ငံရေးပါတီ သီသီးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required