NCA လက်မှတ်မထိုးဘဲ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် အပါအဝင် ချက် ၉ ချက် ပန်ခမ်း အစည်းအဝေးက ဆုံးဖြတ်

NCA လက်မှတ်မထိုးဘဲ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် အပါအဝင် ချက် ၉ ချက် ပန်ခမ်း အစည်းအဝေးက ဆုံးဖြတ်

ဖေဖော်ဝါရီလ ၂၄ ။          ။ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) လက်မှတ်မထိုးဘဲ အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရေးအတွက် နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းရန် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA ) ဌာနချုပ် ပန်ခမ်းတွင် ပြုလုပ်သော တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ သုံးရက်ကြာ အစည်းအဝေးအပြီး UWSA ဦးဆောင်သည့် နိုင်ငံရေးဆွေးနွေးမှု ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခြင်း အပါအဝင် အပါအဝင် အချက် ၉ ချက်ကို သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“NCA လက်မှတ်မထိုးဘဲ နိုင်ငံရေးဆွေးနွေးမှုအပေါ် ဝ ပြည်နယ်၏ အထွေထွေမူဝါဒနှင့် အသေးစိတ်တောင်းဆိုချက်များကို လက်ခံသည့် အခြေအနေအောက်တွင် ဝ ပြည်နယ်မှ ကမကထပြုလုပ်ပြီး မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနွေးရေးအတွက် နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူသည်”ဟု ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ အဓိက အရေးကြီးတဲ့ ဆုံးဖြတ်ချက် အချက် ကိုးချက်ကို သဘောတူညီခဲ့ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေအားလုံး စုပေါင်းပြီးတော့မှ လက်ရှိ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို အစိုးရနဲ့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးသွားဖို့၊ ကျွန်တော်တို့ တိုင်းရင်းသားတွေကို ထိုးစစ်ဆင်တာတွေကို ရပ်တန့်ပြီတော့ နိုင်ငံရေးဆွေးနွေးမှုကို အကောင်းဆုံး ဖြေရှင်းသွားမယ်ဆိုတာ သဘောထား ထားရှိပါတယ်”ဟု ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး(PSLF/TNLA)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောသည်။

 MNDAA,TNLA, KIA တို့အား အကြမ်းဖက်အဖွဲ့အဖြစ်မှ ချက်ချင်း ရုပ်သိမ်းပေးရန်၊ တပ်မတော်မှ တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်တိုက်ခိုက်နေသော စစ်ဆင်ရေးများ အားလုံး ချက်ချင်း ရပ်ဆိုင်းရေန်၊ အားလုံးပါဝင်ရေးမူကို ဖော်ဆောင်ပြီး တန်းတူညီမျှမှုရှိသည့် ဆွေးနွေးခြင်း ပုံစံဖြင့် ဖော်ဆောင်ရန် အပါအဝင် အချက် ၉ ချက်ကို သဘောတူ ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် မြန်မာအစိုးရက သမိုင်းဝင် ပင်လုံစာချုပ်အား NCA စာချုပ်ဖြင့် အစားထိုးရန် ရည်ရွယ်ခြင်းကို လုံးဝလက်မခံကြောင်း၊ တရားမျှတမှုရှိသော အပစ်အခတ် ရပ်စဲရေးစာချုပ်ဖြင့် NCA ကို အစားထိုးရန်၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကုလသမဂ္ဂနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ကြီးကြပ်သူအဖြစ် ကြားဝင်ဆောင်ရွက်ပေးပါရန်၊ အစိုးရနှင့် အပစ်မရပ်သေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့အကြား သဘောတူစာချုပ်အသစ် ချုပ်ဆိုနိုင်ရေးတွန်းအားပေးရန် တောင်းဆိုထား သည်။

UWSP/UWSAက ကမကထ ပြုလုပ်၍ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (PSC/NDAA) က _ အထောက်အကူပြုလုပ်၍ ကျင်းပခဲ့သည်။ အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၄ ရက်နေ့ထိ သုံးရက်ကြာ ကျင်းမည် ဖြစ်ပြီး ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးနှင့် ပတ်သက်သည့် အမြင်သဘောထားနှင့် ရပ်တည်ချက်များ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

သို့သော် လာမည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရေး၊ မတက်ရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်ခြင်း မရှိကြောင်း တာဖုန်းကျော်က ပြောသည်။

“သုံးရက်သာ အစည်းအဝေးမှာတော့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ညီညွတ်မှုကို တည်ဆောက်နိုင်တယ်။ တိတ်ဆိတ်နေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု နည်းလမ်းကို ကျွန်တော်တို့ စုပေါင်းပြီး ဘယ်လိုကျော်ဖြတ်ကြမလဲ။ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ သဘောတူညီချက်တွေ ရတယ်ဆိုတော့ တော်တော်ကောင်းတယ်လို့ ပြောတယ်”ဟု သူက ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(MNDAA)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး(PSLF/TNLA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ၊ မြန်မာအမျိုသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(PSA/NDAA)၊ ရက္ခိုင့် တပ်မတော်(ULA/AA)တို့ ၇ ဖွဲ့မှ ကိုယ်စားလှယ်များ ကိုယ်စားလှယ်ပေါင်း ၃၇ ဦး တက်ရောက်ခဲ့သည်။ မွန်ပြည်သစ်ပါတီ (MNSP)နှင့် ကရင်နီအမျိုးသားလွတ်မြောက်ရေးပါတီ (KNPP)က တက်ရောက်ခြင်း မရှိသော်လည်း နိုင်ငံရေးစာတမ်း တင်သွင်းခဲ့သည်ဟု သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NCA ကို လက်မှတ်ရေးထိုး၍ ၂၁ ရာစုပင်လုံ ညီလာခံတွင် ပါဝင်ရန် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်သော ပြည်ထောင်စုနေ့ မိန့်ခွန်းတွင် တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required