တုုိင်းရင်းသားများ၏ ဖက်ဒရယ် ပြည်ထောင်စုု တည်ဆောက်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း KNU ဒုုဥက္ကဌကပြော

တုုိင်းရင်းသားများ၏ ဖက်ဒရယ် ပြည်ထောင်စုု တည်ဆောက်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း KNU ဒုုဥက္ကဌကပြော
(ဓာတ်ပုံ-ခင်စုကြည်၊မဇ္ဈိမ)

ချင်းမိုင်၊ ဇူလိုင် ၂၇ ။              ။ အစိုးရဘက်မှ မည်သည့် ဖယ်ဒရယ် ပြည်ထောင်စု ပုံစံ တည်ဆောက်နေသည်ဖြစ်စေ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများဘက်မှ ဖယ်ဒရယ်ပုံစံမျိုး တည်ဆောက်ရန် ပြင်ထားပြီး ဖြစ်ကြောင်း ဇူလိုင်လ ၂၇ ရက် ဒုတိယနေ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစီက ပြောဆိုလိုက်သည်။

လက်ရှိ အစိုးရ၏ ၂၁ ရာစု ပင်လုံညီလာခံကို စတင်ဖော်ဆောင်သေည့်အတွက် မိမိတို့အတွက် အတူတကွ သွားနိုင်ရန် လမ်းစဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ယူဆပြီး အစိုးရအနေဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ပွင့်ပွင့်လင်းလင်း ဖော်ပြ နေခြင်းသည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအတွက် အားသာချက်တစ်ခုဖြစ်ကြောင်း မိန့်ခွန်းတွင် ပါရှိသည်။

“အစိုးရဘက်က ဘယ်လို ဖယ်ဒရယ် ပြည်ထောင်စု ပုံစံဘဲ ရည်ညွန်းသည်ဖြစ်စေ၊ ကျမတို့ဘက်က ဘယ်လို ဖယ်ဒရယ် ပုံစံမျိုးကို တည်ဆောက်မှာလဲဆိုတာ စဉ်းစား၊ လေ့လာပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ အဲဒီအတွက် အစကနေ ပြန်စဖို့ မလိုတော့ဘဲ ၂၀၀၈ ခုနှစ်က ဖယ်ဒရယ် ပြည်ထောင်စု အခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ(FCDCF) မှ မူကြမ်းအဖြစ် သဘောတူထားပြီးသော ဖက်ဒရယ် အခြေခံမူကြမ်းအပြင် ၂၀၀၅ ခုနှစ်က UNFC မှ ဖြည့်စွက်ထားသော အချက်အလက်များကို ပြန်လည် သုံးသပ်ပြီး လိုအပ်သလိုဖြည့်စွက် ပြင်ဆင်မှုလုပ်ပြီး ဒီလအစည်းအဝေးကြီးကနေ ဆွေးနွေး အတည်ပြု နိုင်ပါတယ်”ဟု အစည်းအဝေးအဖွင့် မိန့်ခွန်းတွင် ပဒိုနော်စီဖိုးရာစိန်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုကျင်းပနေသော အစည်းအဝေးတွင် လက်မှတ်ထိုးခြင်း၊ မထိုးခြင်း အခြေခံမထားဘဲ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ရှေးရှုပြီး ရှေ့ဆက် နိုင်ငံရေးဆွေးနွေးပွဲ အစချီခြင်း သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံသို့ တညီတညွတ် အတူတကွသွားနိုင်ရန် လိုသည့် ပြင်ဆင်မှုကိုသာ အဓိက ဆွေးနွေး၍ တူညီသော ဘုံသဘောထား ရပ်တည်ချက်များ ချမှတ်နိုင်ရန် အရေးကြီးကြောင်း တိုက်တွန်းထားသည်။

အစိုးရသစ်မှ ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် တေ်ာလှန်ရေးအဖွဲ့အစည်းများဘက်မှ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ထွန်းလာရေးအတွက် တိုင်းရင်းသားများအကြား စုစည်းညီညွတ်မှုသည် အရေးကြီးသလို၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန်နှင့် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ပုံဖော် သွားနိုင်မည့် ဘုံသဘောထားများ သဘောတူညီချက် ချမျတ်သွားနိုင်ရန် အရေးကြီးကြောင်း အစည်းအဝေး ပထမနေ့က ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်ထိ လေးရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် ပင်လုံ လက်တွဲ စာတမ်းဆွေးနွေး အတည် ပြုခြင်း၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထေင်စု တည်ဆောက်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေများအတွက် အခြေခံ မူများ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူများနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် ပြင်ဆင်ရေး စသည့် ခေါင်းဆောင် ၄ ခုကို ဆွေးနွေးသွားမည် ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပရေးအတွက် အကြိုညှိနှိုင်းရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာနိုင်ငံရေး ဘုံသဘောထား ရပ်တည်ချက် ရယူရေးအတွက် မျက်နှာစုံညီအစည်းအဝေးကို ခေါ်ယူကျင်းပနေခြင်း ဖြစ်သည်။

အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၇ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ပြည်တွင်းမှ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းနှင့် အမျိုးသမီးအဖွဲ့အစည်းများနှင့် လေ့လာသူပေါင်း ၂၁၆ ဦး တက်ရောက်ဆွေးနွေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags