ထိုင်း-မြန်မာ နယ်စပ် ဝေါလေဒေသရှိ စစ်ကောင်စီတပ်စခန်းများတိုက်ခိုက်ခံရ

By သွင်ထူးဈာန် (မဇ္ဈိမ)
16 November 2023
ထိုင်း-မြန်မာ နယ်စပ် ဝေါလေဒေသရှိ စစ်ကောင်စီတပ်စခန်းများတိုက်ခိုက်ခံရ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ(၆ )ထိုင်း-မြန်မာ နယ်စပ် ဝေါလေဒေသရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံနေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

 ထိုင်း-မြန်မာနယ်စပ်ရှိ မော်ခီး၊ ကနဲလေးနှင့် ထီးကပလယ်ဗျူဟာစခန်းကုန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ၂ရက်နေ့မှ စတင်ကာ တိုက်ခိုက်နေကြောင်း သိရသည်။ 

"၂ရက်နေ့ မနက်အစောကြီးကစပြီး တိုက်ပွဲစဖြစ်တာ နှစ်ဖက်ထိခိုက်မှုရှိတယ်၊ စကစဘက်က ပိုထိတာများတယ်၊ ဒီနေ့ထိ တိုက်ပွဲပြင်းထန်နေတယ် ၊ လေယာဥ်ကတော့ တိုက်ပွဲစဖြစ်ကတည်းက မလာသေးဘူး၊ ဝေါ်လေဗျူဟာစခန်းကုန်းကနေ အသစ်ရောက်လာတဲ့ ၁၂၂(122 mm) ဟောင်ဝစ်ဇာနဲ့ ရမ်းသန်းပစ်ခတ်နေတယ်"ဟု စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။ 

ထီးကပလယ်စခန်းတွင် စကခ(၁၃) လက်အောက်ခံ ခမရ( ၅၅၆) တပ်ရင်းမှူး ဝင်းနောင်ထွန်း ဒဏ်ရာရရှိခဲ့ပြီး မော်ခီး၊ ကနဲလေး စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီတပ်သားများထိခိုက် အကျအဆုံးများနေကြောင်းသိရသည်။

 "အရင်ရှိတဲ့ ၁၂၂ဟောင်ဝစ်ဇာက ဒရုန်းဗုံးကြဲတာ ထိသွားလို့ ပျက်စီသွားတယ်၊ အခုက အသစ်ရောက်လာတဲ့ ယောင်ဝစ်ဇာနဲ့ ပစ်တာ၊ တောက်လျောက်ပစ်နေတာ"ဟု စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။ 

ကနဲလေးစခန်းသည် အင်အား ၈၀ ဝန်းကျင်ရှိပြီး ဝေါလေနှင့် ထီးကပလယ်လမ်းဆုံတွင်တည်ရှိပြီး အရေးပါသည့် စခန်းဖြစ်သည်။ အာဏာသိမ်းကာလအတွင်း ယင်းကနဲလေးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ငါးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 

အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required