အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် သမ္မတဦးထင်ကျော် အလှူဒါနပြုလုပ်

အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် သမ္မတဦးထင်ကျော် အလှူဒါနပြုလုပ်

နေပြည်တော်(ဇူလိုင် ၁၉ရက်၊ ၂၀၁၆ခုနှစ်)။                   ။ ၁၉၄၇ခုနှစ်၊ ဇူလိုင် ၁၉ရက်တွင် လုပ်ကြံခံရမှုကြောင့် ကျဆုံးခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ရည်စူးကာ သမ္မတဦးထင်ကျော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့က အလှူဒါနပြုလုပ်ပြီး ရေစက်ချ၊ အမျှဝေခဲ့သည်။

၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၁၉ရက်တွင် ကျရောက်သည့် (၆၉)နှစ်မြောက်၊ အာဇာနည်နေ့တွင် သမ္မတဦးထင်ကျော်ဦးဆောင်ပြီး အစိုးရအဖွဲ့က နေပြည်တော်ကောင်စီရှိ ဇဗ္ဗူသီရိခန်းမဆောင်တွင် သံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ အလှူဒါနပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလှူတွင် သမ္မတဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ နေပြည်တော်ကောင်စီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးအချို့နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့လည်း တက်ရောက်ခဲ့သည်။

ယနေ့ အာဇာနည်နေ့၊ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် နေပြည်တော်ရှိ အစိုးရရုံးများနှင့် ပြည်သူများ၏ နေအိမ်အချို့တွင်လည်း မြန်မာနိုင်ငံအလံကို အလံတိုင်တစ်ဝက်ထိချပြီး လွှင့်ထူထားကြသည်ကို တွေ့ရသည်။

ထို့ပြင် လူဦးရေ ဆယ်သိန်းကျော်နေထိုင်သော နေပြည်တော်ကောင်စီနယ်မြေအတွင်း တစ်ခုတည်းရှိသော ပျဉ်းမနားမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်တွင်လည်း ပြည်သူအများအပြားတက်ရောက်ကာ အာဇာနည်ခေါင်းဆောင်များကို ဂါရဝပြုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly