ရန်ကုန်တွင် ကားလမ်းပေါ် မီးရှို့ ဆန္ဒပြလှုပ်ရှားမှုပြုလုပ်၊ တာမွေမြို့နယ်တွင် ပစ်ခတ်၍ ဆန္ဒပြလူငယ် ၂ ဦးကျဆုံးဟုဆို

By ဂန္ဒမာ (မဇ္ဈိမ)
08 December 2023
ရန်ကုန်တွင် ကားလမ်းပေါ် မီးရှို့ ဆန္ဒပြလှုပ်ရှားမှုပြုလုပ်၊ တာမွေမြို့နယ်တွင် ပစ်ခတ်၍ ဆန္ဒပြလူငယ် ၂ ဦးကျဆုံးဟုဆို

ရန်ကုန်ရှိ မြို့နယ်အချို့တွင် ယနေ့ ဒီဇင်ဘာလ ၈ရက် ညနေပိုင်းအချိန်က ကားလမ်းမများပေါ်၌  တာယာကွင်းများဖြင့် မီးရှို့ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ပြီး လှုပ်ရှားမှုတွင် ပါဝင်သူ နှစ်ဦး ပစ်ခတ်ခံရ၍ ကျဆုံးသွားသည်ဟု ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစု တာဝန်ရှိသူက မဇ္ဈိမကိုအတည်ပြုသည်။

“လှုပ်ရှားမှုက ရန်ကုန်မြို့နယ်တချို့မှာလုပ်တာပါ၊ တာမွေမှာတော့ ဒီလှုပ်ရှားမှုလုပ်နေရင်းနဲ့ သတ်ဖြတ်တာခံရတာရှိတယ်”ဟု ၎င်းကပြောသည်။

အဆိုပါလှုပ်ရှားမှုကို ရန်ကုန်မြို့ပြ တော်လှန်ရေးအင်အားစုများက စုပေါင်းချိတ်ဆက် လုပ်ဆောင်ခဲ့ကြပြီး စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အလွဲအမှားများကြောင့် ဖြစ်ပေါ်လာသော ကုန်စျေးနှုန်းကြီးမြင့်မှု၊ လောင်စာဆီစျေးနှုန်း မြင့်တက်လာမှုနှင့် လုံလောက်စွာ မရရှိမှု စသော ပြည်သူလူထု ခံစားနေရသော အထွေထွေအကျပ်အတည်းများကို ရည်ရွယ်၍ လူထုနှင့်အတူ လှုပ်ရှားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တာမွေမြို့နယ်၊ကျောက်မြောင်း၊ သီတာလမ်းတွင် စစ်တပ်မှ အကြောင်းမဲ့ပစ်ခတ်ရာ အမျိုးသားနှစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရကာ လူငယ်အများအပြားဖမ်းဆီးခံရကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့အစည်းများထံကတဆင့် သိရသည်။

“သပိတ်က သတိပဋ္ဌာန်လမ်းမှာလုပ်သွားတာပါ။ ပစ်ခတ်မှုဖြစ်စဉ်နဲ့ သပိတ်နဲ့ နှစ်ခုလုံးက တချိန်ထဲပဲဖြစ်တယ်။ သတင်းကြိုသိလို့ ပစ်ခတ်မှုထိပါဖြစ်တာဖြစ်မယ်။ သီတာလမ်းထိပ်မှာ သေနတ်သံတွေကြားရပြီး လူတွေလည်းလမ်းထဲဝင်လာတဲ့အချိန် အသံကတော့ လေးချက်ကြားလိုက်ရတယ်” ဟု တာမွေမြို့နယ် မြေပြင်ကင်းထောက်က ပြောသည်။ 
 
သီတာလမ်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်ပြီးနောက် လူငယ်သုံးဦးအား ဖမ်းဆီးသွားကာ တာမွေ City Express ရှေ့မှ ဖြတ်သွားသော လူငယ် ငါးဦးကိုလည်း စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးသွားကြောင်း သိရသည်။ ထို့နောက် သီတာလမ်းအနီးတွင်လည်း စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။ 

တော်လှန်ရေးတိုက်ပွဲအတွင်းတွင် ပြည်သူလူထုတရပ်လုံး အနေဖြင့် တိုက်ပွဲမမျှော်ဘဲ မိမိတို့ကိုယ်တိုင် တိုက်ပွဲခေါ်ကြရန် အသင့်ပြင်ဆင်ထားနိုင်စေရေး တပ်လှန့်နှိုးဆော်သည့်အနေဖြင့် ယခုလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

လူထုလွတ်မြောက်ရေးတိုက်ပွဲကြီးတွင် ပါဝင်တိုက်ပွဲဝင်ရင်း ကျဆုံးသွားသော ရဲဘော် နှစ်ဦးကို အလေးပြု ဦးညွှတ်ရင်း လူထုတရပ်လုံးအနေဖြင့်လည်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်နိုင်ရေး နည်းလမ်းပေါင်းစုံသုံး၍ တိုက်ပွဲဝင်ကြရန်လည်း သပိတ်အင်အားစုများက နှိုးဆော်တိုက်တွန်းထားသည်။

စာတည်း - ဖူးသိမ်ကျ
စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly