တော်လှန်ရေးအတွက် ခွန်အားဖြစ်စေမည့်သီချင်းများအား မတ်လ ၂၇ရက်နေ့တွင် ထပ်မံထုတ်လွှင့်သွားမည်ဟု Revolution Echo Wave ပြော 

By ရွှေနွယ်( မဇ္ဈိမ )
24 March 2023
တော်လှန်ရေးအတွက် ခွန်အားဖြစ်စေမည့်သီချင်းများအား မတ်လ ၂၇ရက်နေ့တွင် ထပ်မံထုတ်လွှင့်သွားမည်ဟု Revolution Echo Wave ပြော 

တော်လှန်ရေးတွင်ပါဝင်နေကြသူများ အားတစ်ရပ်ဖြစ်စေရန် တော်လှန်ရေးတေးသီချင်းများဖန်တီးနေသည့် Revolution Echo Wave အဖွဲ့မှ လာမည့် မတ်လ ၂၇ ရက်နေ့တွင် ဒုတိယအကြိမ်မြောက်တော်လှန်ရေးတေးသီချင်းများ ထပ်မံ ထုတ်လွှင့်သွားမည်ဟု Revolution Echo Wave တည်ထောင်သူမှ မဇ္ဈိမကိုပြောသည်။ 

Revolution Echo Wave အဖွဲ့ အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ  ၁ ရက်နေ့ အာဏာသိမ်းမှု နှစ်နှစ်ပြည့်မြောက်သည့်နေ့တွင် ၎င်းတို့အဖွဲ့မှ ဖန်တီးရေးသားသီဆိုထားသော သီချင်းခြောက်ပုဒ်အား ၎င်းတို့၏ Youtube Channel နှင့် Facebook Page တို့တွင် ပြည်သူများနားဆင်နိုင်ရန် မျှဝေပေးခဲ့ပြီး ယခုတစ်ခါ ထုတ်လွှင့်ခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။ 

"ပထမတစ်ခါ ထုတ်လွှင့်တဲ့အချိန်မှာပြောခဲ့သလို အကယ်၍များ လှုဒါန်းငွေရလာခဲ့ရင် စစ်ဘေးရှောင်စခန်းတွေနဲ့ စစ်ရှောင်ကလေးသူငယ်တွေကိုလှူဒါန်းဖို့တွေ စီစဉ်ထားခဲ့ပေမယ့်လည်း လှုဒါန်းမှုမရှိခဲ့တဲ့အတွက် တစ်ဖက်ကိုလည်း ပြန်လှူနိုင်တာမျိုးတော့ မရှိခဲ့ဘူးပေါ့၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ပါစေ တော်လှန်ရေးဟာ အချိန်ကာလတစ်ခုရောက်လာတော့ တော်လှန်နေကြသူတွေလည်း သီချင်းလေးတွေနားထောင်ပြီး အပန်းပြေပါစေ၊ အားဖြစ်ပါစေ ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ပါ၊ အောင်ပွဲနီးလာပါပြီ အားမလျော့သွားကြဖို့အတွက် ပိုညီညွတ်ကြဖို့အတွက် ရည်ရွယ်ပြီးထုတ်လွှင့်သွားမှာပါ" ဟု Revolution Echo Wave တည်ထောင်သူ ဦးဇော်မှ မဇ္ဈိမကိုပြောသည်။ 

မတ်လ ၂၇ ရက်နေ့တွင် သီချင်း သုံးပုဒ် (သို့မဟုတ်) လေးပုဒ် ထုတ်လွှင့်သွားမှာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းမှ ဖက်စစ်ကိုစတင်တော်လှန်သောနေ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ လက်ရှိ ဖက်စစ်စစ်တပ်ကို တော်လှန်နေကြရဆဲဖြစ်သည့်အတွက် အထိမ်းအမှတ်အနေဖြင့် ဖန်တီးထုတ်လွှင့်ခြင်းဖြစ်သည်ဟုဆိုသည်။ 

ထို့အပြင် တောထဲရှိ တော်လှန်ရေးရဲဘော်တချို့၊ ABSDF ကျောင်းသားတပ်တော်မှ ကျောင်းသားရဲဘော်တို့၏ ခံစားချက်များအား ရေးဖွဲ့ထားသောသီချင်းများကို ပြည်သူများသိရှိနားလည်စေရန်ရည်ရွယ်ကာ ထုတ်လွှင့်ချင်သည့်အတွက် Revolution Echo Wave မှ ကူညီတီးခတ်ပေးခဲ့သည်ဟု သိရသည်။ 

"တချို့တွေကလည်း ဒီကာလမှာ တေးသီချင်းတွေက တော်လှန်ရေးအတွက်မထိရောက်နိုင်ဘူးလို့ ပြောတာလေးတွေကြားရတဲ့အခါ စိတ်မကောင်းဖြစ်ရပါတယ်၊ ၈၈ တုန်းက "ကမ္ဘာမကြေဘူး” သီချင်းဟာ ပြည်သူတွေရဲ့ နှလုံးသားကို သိမ်းကျုံးစေခဲ့ပြီး အာဏာရှင်ကို လုံးလုံးမုန်းတီးစေခဲ့သလို ဒီအရေးအခင်းကာလအထိ ပြည်သူ့ရင်ထဲပြန်စူးရှစေခဲ့ပါတယ်၊ ဒီလိုပဲ 'အလိုမရှိ' သီချင်းဟာလည်း နွေဦးတော်လှန်ရေးအတွက် ခွန်အားဖြစ်စေခဲ့ ညီညွတ်စေခဲ့တာပါပဲ၊ အဖွဲ့အနေနဲ့ကတော့ ကိုယ့်ဘက်က ကိုယ်တတ်နိုင်တာလေးလုပ်နေရတဲ့အတွက် လိပ်ပြာလုံပါတယ်" ဟု Revolution Echo Wave အဖွဲ့မှပြောသည်။ 

၎င်းတို့အနေဖြင့် ယခင်က ထောက်ပို့ကိစ္စရပ်များလုပ်ဆောင်ခဲ့သော်လည်း ကူညီမှုအခက်အခဲတွေရှိလာချိန်တွင် ငုတ်တုတ်ထိုင်နေရခြင်း တော်လှန်ရေးတွင် လူပိုကဲ့သို့နေထိုင်ရခြင်းထက် ယခုကဲ့သို့ မိမိတတ်နိုင်သည့်ပညာဖြင့် တော်လှန်နေခြင်းဖြစ်သည်ဟု ဆိုသည်။ 

Revolution Echo Wave မှ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သောသီချင်းများမှာ ဒဲ့၊ Alert၊ We Must Win၊ ဘုရင်ရူး၊ ကျောင်းသားစစ်သည်နှင့် ခွေးကိုက်သောမနက်ခင်းတို့ဖြစ်ပြီး အဆိုပါ Rock ၊ Pop-Rock၊ Slow-Rock၊ Country Rock နှင့် Hip-Hop အမျိုးအစားတေးသီချင်းများကို အဆိုတော် နိုင်ကြီး၊ မိုးခါး၊ တိုးကြီး၊ စနို၊ DNS နှင့်  ဇော်ရဲတို့မှ ဖန်တီးသီဆိုထားကြခြင်းဖြစ်သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required