နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈ စက်တင်ဘာ ၂၀၂၃)

By မဇ္ဈိမ 
28 September 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈ စက်တင်ဘာ ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    စစ်ကိုင်းတိုင်း၊ ၀န်းသိုမြို့နယ် ဂျိုးထောင်ရွာ ဘူတာစုရပ်က ခန္တီဝံသာရာမကျောင်းတိုက်ကို အကြမ်းဖက်စစ်တပ်၏ (ခမရ-၁၀၂)က ဟောင်ဝစ်ဇာ (Howitzer)လက်နက်ကြီးနှင့် ပစ်ခတ်ရာ လက်နက်ကြီးကျည် (၃) လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
•    ရန်ကုန်တိုင်း ၊ လှိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စည်ပင်ဝန်ထမ်းများ အကြမ်းဖက်စစ်တပ် အလိုကျအဖြစ်နှင့် အခွန်အခများကို အိမ်တိုင်ရာရောက်ကောက်ခံနေခြင်း၊ အိမ်ရှင် ၊ အိမ်ငှား အချက်အလက်များကို အများပြည်သူအား ဒုက္ခပေးရန် ရည်ရွယ်ချက်နှင့် စာရင်းပြုစု ကောက်ခံရာမှာ ပါဝင်လုပ်ဆောင်နေမှုများရှိနေကြောင်း လှိုင်မြို့နယ် ပြည်သူ့ အုပ်ချုပ်‌ရေး အဖွဲ့က ထုတ်ပြန်ထားသည်။
•    တောင်ပိုင်းတိုင်း ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က တောင်ပိုင်းစစ်ဒေသအတွင်း ရန်သူ၏ စစ်ရေးပစ်မှတ်များကို ခုခံစစ် ၊ ပြောက်ကျားစစ်၊ တိုက်စစ် အစရှိသည့် နည်းဗျူဟာမျိုးစုံဖြင့် ကျေးလက်စစ်ဆင်ရေး ၊ မြို့တွင်းစစ်ဆင်ရေးတာဝန်များကို စစ်ရေးအရှိန်မြင့်ကာ လုပ်ဆောင်နေကြောင်း အသိပေးထားသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၏ အလုပ်သဘောသွားရောက်သည့် ဩစတြေးလျ ခရီးစဉ်အတွင်းမှာ ဩစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသား ကျန်းမာရေးဝန်ထမ်းများက ရန်ပုံငွေထည့်ဝင်လှူဒါန်း ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။
•    ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ နှစ်လနီးပါးကာလအတွင်း စစ်ကောင်စီတပ်သား ၅၂ ဦး ပြည်သူ့ရင်ခွင်ကို ချိတ်ဆက်ပြီး CDM ဝင်ရောက်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေကပြောသည်။
•    မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲများတွင် စစ်ရေးအရ အောင်မြင်မှုများစွာ ရှိနေပြီး တော်လှန်ရေး ထိုးစစ် အရှိန် တစ်ဆင့်ထပ်မြှင့်လျှင် စစ်ကောင်စီပြိုလဲ ပြိုကွဲသွားရန်ရှိနေ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ ပြော ရေး ဆိုခွင့်ရှိသူ ဒုအမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဆွေ က ပြောဆိုလိုက် သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်- တံခွန်တိုင်ဒေသတွင်း ဝင်ရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာများအတွင်း ဆက်လက်ရှိနေဆဲဖြစ်၍ စစ်ဘေးရှောင်နေရ သည့် ဒေသခံပြည်သူ ၁၅,၀၀၀ ကျော်သည် နှစ်ပတ်ကြာသည်အထိ နေရပ်ပြန်နိုင်ခြင်း မရှိသေး ကြောင်း စစ်ဘေးရှောင်အကူအညီပေးနေသူနှင့် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
•    ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က နာရေးအသင်းအဖွဲ့အဖြစ် အသွင်ယူ ၍ စစ်ရေး လုပ်ဆောင်နေသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း အမှတ် ၁ မိတ်ဖက် တော်လှန်ရေး တပ်ပေါင်းစု ထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း ၊ ယင်းမာပင် မြို့နယ်အတွင်းရှိ ကျေးရွာများမှ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၉၁၉ ရက်အဖြစ် စက်တင်ဘာလ ၂၈ရက် ယနေ့တွင် ချီတက်ခဲ့ကြသည်။
•    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာများအတွင်း လက်နက် ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် ရှားဖိုကျေးရွာတွင် မောင်နှမသုံးဦးအပါအဝင် လေးဦး သေဆုံး ခဲ့ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်များက ပြောကြားသည်။
•    ယနေ့ (စက်တင်ဘာ ၂၈ရက်) နံနက် ၆ နာရီခန့်က စစ်ကောင်စီသည် မုံရွာမြို့၊ ကျောက်စစ်ပုံ အမြောက်တပ်မှ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်ကျေးရွာများအား ရမ်းသမ်းပစ်ခတ်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
•    ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေ၍ ပဲခူးရိုးမ အစပ်ရှိ ကျေးရွာ ငါးရွာမှ ဒေသခံများ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
•    မိတ္ထီလာမြို့ အကျဥ်းထောင်အနီးတွင်၊ ယမန်နေ့ညက၊ ပြင်းထန်သည့်ပေါက်ကွဲမှုကြီး တခုဖြစ်ပွား ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
•    တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၅၆၁) စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာခံဗိုလ်နှစ်ဦး သေဆုံးပြီး တဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း တော်လှန် ရေးအင်အားစုများနှင့် တပ်တွင်း သတင်း ရင်းမြစ်များထံမှ သိရသည်။
•    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကနာလို ကျေးရွာအတွင်းသို့ ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉နာရီခွဲအချိန်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ခြောက်နှစ် အရွယ် မိန်းကလေးငယ်တဦးနှင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦးအပါဝင် ဒေသခံ ခြောက်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
•    ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး လူထုသပိတ်နှင့် KIA၊ PDF၊ NUG ထောက်ခံပွဲ ပြုလုပ်ခဲ့ကြသည်။
•    ပြည်ထောင်စု လွတ်မြောက်ရေးတပ်ဦး ULF က ကျည်ဖြည့်တင်းရန် အတွက် "အောင်ပါစေ ကြောင်း ကျည်တစ်သောင်းကမ်ပိန်း" ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်း ပါဝင်ပေးကြရန် မေတ္တာရပ်ခံကြောင်း ULF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ United Nations University ရှေ့တွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေးအတွက် 78th UN CREDENTIALS CAMPAIGN အဖြစ် ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့တွင် လူထုထောက်ခံပွဲပြုလုပ်ခဲ့ကြပြီး သံအမတ်ကြီးဆက်လက် တည်ရှိနိုင်ရေးအတွက် တိုက်ရိုက်စာပေးပို့တောင်းဆိုခဲ့ကြသည်။
•    မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေ ရရှိစေရန် ရည်ရွယ်၍ ဗြိတိန်နိုင်ငံသား Josh မှ မိုင် ၁၀၀၀ စက်ဘီးနင်း၍ ရန်ပုံငွေ ရှာဖွေရေး ခရီးစဉ်ကို စက်တင်ဘာ ၂၃ ရက်နေ့တွင် စတင်ခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့တွင် မိုင် ၅၀၀ သို့ ရောက်ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ 
•    ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့တွင် စစ်ကောင်စီ တပ်စွဲထားသည့် အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာနရုံးနှင့် ပညာရေးမှူးရုံးတို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက် လက်) CDF – Kanpetlet က ယမန်နေ့ စက်တင်ဘာလ ၂၇ရက်နေ့တွင် ထုတ်ပြန်သည်။
•    ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်အတွင်း၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ ဆက်လက်ပြုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိကြောင်းKNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။
•    ချင်းပြည်နယ်၊ မင်းတပ်မြို့ဝင်ဂိတ်ကို CDF-မင်းတပ်က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ရဲ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံ မှ သိရသည်။
စစ်ကောင်စီ
•    ရုရှားနှင့်စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနများ ပူးတွဲဦးဆောင်ကျင်းပသည့် အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှု စက်တင်ဘာ ၂၅ ရက်နေ့က ရုရှားနိုင်ငံမှာ စတင်ကျင်းပခဲ့ရာ စင်ကာပူနိုင်ငံမတက်ရောက်ခဲ့ကြောင်း သိရသည်။
•    မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် ဆိုင်ကယ်တစ်စီးတည်း အမျိုးသားနှစ်ဦးစီးနင်းခြင်းမပြုရန် စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။
•    ယခုစက်တင်ဘာလအတွက် အောင်ဘာလေထီရောင်းအား ကျပ် သန်း ၈၀၀ ကျော် တိုးသော်လည်း အမြင့်ဆုံးဆုမဲ ကျပ် သိန်းငါးထောင်ပဲ ဆက်ချီးမြှင့်မည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲ ယနေ့ ထုတ်ပြန်သည်။
•    လာမယ့်ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ အချို့သော ပြည်နယ်နှင့် တိုင်းများကဒေသများတွင် ရက်၄၀ကြာစာတတ်မြောက်ရေးလုပ်ငန်းတွေဆောင်ရွက်မှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ကနေသိရသည်။
•    ယခုနှစ်အတွင်းပြည်ပကနေ ခရီးသွား ဝင်ရောက်မှု ၆ သိန်းကျော်ရှိပြီးယခင် နှစ်ထက် ၆ ဆ တိုးလာကြောင့် အကြမ်းဖက်မင်းအောင်လှိုင်က ပြောသည်။
•    နိုင်ငံရပ်ခြားကဆေးဝါးနှင့်ဆေးပစ္စည်းများကို ပင်လယ်ရေကြောင်းကုန်သွယ်မှုကနေ ပြီးခဲ့သည့် ၁လကြာအတွင်း တန်ချိန်၂၀၀၀ကျော် တင်သွင်းလာပြီး ယခင်လများကထက် ပိုမိုတင်သွင်းလာမှုရှိ ကြောင်း စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရသည်။
စက်တင်ဘာ ၂၈ ရက် သုံးသပ်ချက်
•    တော်လှန်ရေးတပ်ဖွဲ့အသီးသီးသည် ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ရန် မိမိတို့၏ သက်ဆိုင်ရာဒေသ အသီးသီးတွင် တော်လှန်ရေးအရှိန်မြှင့်လုပ်ဆောင်နေသလို တချို့ဒေသများတွင် စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ချေမုန်းရေးလုပ်ဆောင်နေသည့်အတွက် တော်လှန်ရေးအဖွဲ့များသည် လက်နက်ခဲယမ်းများ လိုအပ်နေသည်ကို သိရသည်။ယင်းကြောင်း ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးတပ်ဖွဲ့များအတွက် တတ်နိုင်သမျှထောက်ပံ့ပေးရန် လိုအပ်နေသည်။
•    မင်းအောင်လှိုင်မှ စားခွက်လုပွဲအပြီး လူရှေ့ပြန်ထွက်လာပြီး နိုင်ငံက ချွတ်ခြုံကျနေသော်လည်း ၎င်းကတော့ တိုင်းပြည်တိုးတက်နေသည့်ဟု ပါးစပ်ကမချစတမ်းပြောနေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly