ကလေးမြို့ထောင်မှ စစ်ကောင်စီတပ်သား ၁၈ ဦးလွတ်ငြိမ်းခွင့်ဖြင့် တပ်မှပြန်ခေါ်

By ပါခွီး(မဇ္စျိမ)
08 December 2023
ကလေးမြို့ထောင်မှ စစ်ကောင်စီတပ်သား ၁၈ ဦးလွတ်ငြိမ်းခွင့်ဖြင့် တပ်မှပြန်ခေါ်

စစ်ကိုင်းတိုင်း ၊ ကလေးမြို့အကျဥ်းထောင်မှ ပြစ်ဒဏ်ကျစစ်ကောင်စီတပ်သား ၁၈ယောက်ကို လွတ်ငြိမ်းခွင့်နှင့် ထောင်မှ ခေါ်ထုတ်သွားကြောင်း ဒေသခံက မဇ္စျိမကိုပြောသည်။

ဒီဇင်ဘာ ၇ရက်နေ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့တွင် ကျရောက်သော အမျိုးသားရေးနေ့အဖြစ် အဆိုပါ စစ်ကောင်စီတပ်သားများသာလွတ်ငြိမ်းပေးခြင်းဖြစ်ပြီး အခြားအကျဥ်းကျများ မပါဝင်ကြောင်းသိရသည်။

“စစ်စည်းကမ်းဖောက်ဖျက်မှုနဲ့ ကျနေတဲ့သူတွေကို လွတ်ငြိမ်းပေးပြီး လေ့ကျင့်ရေးကို ပြန်ခေါ်သွားတာဗျ ၊ သူတို့မိသားစုဝင်တွေတောင် မသိဘူး” ဟု ၎င်းက ဆိုသည်။

နှစ်စဥ် အခါကြီးရက်ကြီးဖြစ်သော အမျိုးသားနေ့တွင် အကျဥ်းကျခံနေသူများကို လျော့ရက်ပေးခြင်း ၊ လွတ်ငြိမ်းခွင့်ပြုခြင်းများ ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်တွင် စစ်ကောင်စီက နိုင်ငံအဝှမ်းအကျဥ်းထောင်များမှ ပြစ်မှုရှိသည့် စစ်ကောင်စီတပ်သားများကိုသာ လွတ်ငြိမ်းပေး၍ ခေါ်ဆောင်နေကြောင်း သိရသည်။

“စစ်ကောင်စီတပ်ထဲမှာ တပ်ပြေး ၊သေဆုံးနဲ့ ပင်စင်ဆိုပြီး ပြုန်းတီးမှုများနေတယ် ၊ အဲဒီအထဲမှာ သေတာနဲ့ပြေးတာအများဆုံး အဲဒီနေရာတွေအတွက် စစ်သားစုဆောင်းမရနိုင်တော့တဲ့အတွက် အခုလို ထောင်ထဲရောက်နေတဲ့ အပြစ်ကျစစ်သားတွေကို ပြန်ခေါ်ပြီး စစ်အင်အားဖြည့်တာဖြစ်တယ်” ဟု စစ်ရေးလေ့လာသူတဦးက မဇ္စျိမကိုပြောသည်။

ယခုအခြေအနေသည် စစ်ကောင်စီအတွက် စစ်အင်အားအကျပ်တည်းဆုံးနှင့် အဆိုးဆုံးကိုကြုံတွေနေရပြီး ၎င်းတို့မယုံကြည်သော ထောင်ကျ ၊ထုတ်ပယ်နှင့် တပ်ပြေးများကို ပြန်ခေါ်နေခြင်းဖြစ်ပြီး အကျိုးဆက်အနေဖြင့် COC(Chain of Command) ယန္တရားပျက်လာနိုင်ကြောင်း ဆိုသည်။

စစ်ပြေးမှုဖြင့်ထောင်ကျသူများသည် စစ်တပ်ကိုကျောခိုင်းပြီးသားဖြစ်သဖြင့် ထောင်မှလွှတ်ပေး၍သာ ကတိကဝတ်အရ တပ်အတွင်းပြန်ဝင်နိုင်သော်လည်း အခွင့်အရေးရပါက ပြန်လည်ထွက်ပြေးမည့်သူများဖြစ်ကြောင်း စစ်ရေးလေ့လာသူက ဆက်ပြောသည်။

လူထုအပေါ်သို့ လူသတ် ၊ မုဒိန်း ၊ လုယက်ကျူးလွန်ထားသည့် ထောင်ကျစစ်သားများအနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ပြီး စစ်မှုပြန်ထမ်းပါက ၎င်းတို့ ယခင်ကျူးလွန်ခဲ့သော အလားတူအမှုမျိုး ထပ်မံကျူးလွန်နိုင်သကဲ့သို့ အရေးယူမခံရတော့သောကြောင့် အထက်အမိန့်မနာခံလျင်လည်း အရေးယူမည်မဟုတ်ကြောင်း သိရှိကာ COC ပိုမို ယိုင်သွားနိုင်ကြောင်းဆိုသည်။

ယခုကဲ့သို့ ထောင်ကျစစ်သားများကို အင်းအားဖြည့် ထည့်သွင်းခြင်းသည်စစ်ကောင်စီတပ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်လာမည်ဖြစ်ကြောင်း စစ်ရေးလေ့လာသူက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly