အမျိုးသားနေ့လွတ်ငြိမ်း ခေါင်းစဥ်ဖြင့်ဧရာဝတီတိုင်းရှိထောင်များမှ စစ်ပြေး ၁၅၀ ခန့်ကို စစ်ကောင်စီ ခေါ်ထုတ်

By မင်းထက်(မဇ္စျိမ)
08 December 2023
အမျိုးသားနေ့လွတ်ငြိမ်း ခေါင်းစဥ်ဖြင့်ဧရာဝတီတိုင်းရှိထောင်များမှ စစ်ပြေး ၁၅၀ ခန့်ကို စစ်ကောင်စီ ခေါ်ထုတ်
ဓာတ်ပုံ - ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ၊ ပုံအညွှန်း_လက်နက်ချ အညံ့ခံခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့

ဧရာဝတီတိုင်းအတွင်းရှိ အကျဥ်းထောင်များတွင် အကျဥ်းကျခံနေရသည့်  စစ်ပြေး ( တာဝန် မထမ်းဆောင်လို၍ စစ်ကောင်စီတပ်မှ ထွင်ပြေးသူ)၁၅၀ ဦးခန့်ကို ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီ၏စေခိုင်းချက်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း အကျဥ်းဦးစီးနှင့် နီးစပ်သူများကပြောသည်။

အမျိုးသားနေ့လွတ်ငြိမ်းဟု ခေါင်းစဥ်တပ်ကာ ထိုစစ်ပြေးများကို စစ်ကောင်စီက ခေါ်ထုတ်သွားခဲ့ခြင်းဖြစ်သည်ဟုအကျဥ်းဦးစီးနှင့်နီးစပ်သူတစ်ဦးကပြောသည်။

မအူပင် အကျဥ်းထောင်မှ စစ်ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဟင်္သာတအကျဥ်းထောင်မှ ၁၀ ဦးတို့ကို ခေါ်ထုတ်သွားခဲ့ပြီး အခြားအကျဥ်းထောင်များရှိ စစ်ပြေးများကို စစ်ကောင်စီက ခေါ်ထုတ်သွားခဲ့သည်။သို့သော် အကျဥ်းထောင်အလိုက် လွှတ်ပေးသည့် စာရင်းအားအတိအကျမသိရကြောင်း ၎င်းကဆိုသည်။

ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင်မူ "ပုသိမ်အကျဉ်း ထောင်မှ စစ်စည်းကမ်း ဥပဒေဖြင့် အရေးယူခံရသည့် အပြစ်ကျစစ်သည် (၁၀၃)ဦးအား အကျဉ်းထောင်မှ  အ ကြမ်းဖက် ဗိုလ်မှူးကြီးအောင်နိုင်ထူးအဖွဲ့မှ  အနောက် တောင်တိုင်း စစ်ဌာနချုပ်သို့ လာရောက်ခေါ်ဆောင်သွားကြောင်းသိရှိရပြီး ဧရာဝတီတိုင်းတစ်ခုလုံး စစ်ပြေး ၁၅၀ ဦးခန့် ရှိကြောင်းသိရှိရသည်"ဟု ထုတ်ပြန်ထားသည်။

"ထောင်တိုင်းမှာရှိတဲ့ စစ်ပြေးတွေကို စစ်တပ်ကခေါ်ထုတ်သွားတဲ့သဘောပါ။သူတို့ခေါ်ထုတ်သွားတဲ့ စစ်ပြေးတွေကို နတခ(အနောက်တောင်တိုင်းစစ်ဌာနချုပ်)ကိုပို့ပြီး ပြန်ပြီးတာဝန်ထမ်းဆောင်ခိုင်းမယ်လို့လည်းကြားပါတယ်"ဟု အကျဥ်းဦးစီးနှင့် နီးစပ်သူကပြောသည်။

ခွင့်မဲ့ စစ်ပြေးစစ်သည်များကို သက်ဆိုင်ရာ(သို့မဟုတ်) နီးစပ်ရာတပ်များတွင် ပြန်လည်လက်ခံပေးသွားမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဆောင်ရန် ဆန္ဒပြုသည့် သာမာန်ပြစ်မှုကျူးလွန်သူ စစ်ကောင်စီတပ်သားများကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့၌ စစ်ကောင်စီကထုတ်ပြန်ထားသည်။

ထိုသို့ထုတ်ပြန်ပြီးနောက် ဧရာဝတီတိုင်းအတွင်းရှိ အကျဥ်းထောင်များမှ စစ်ပြေးများကို စစ်ကောင်စီကခေါ်ထုတ်သွားခြင်းဖြစ်သည်။

"စစ်တပ်မှာ အင်အားကတဖြည်းဖြည်းနည်းလာပြီလေ။ တပ်တိုင်းမှာလည်း သေတာနည်းတာမှမဟုတ်တာ။ CDM တွေကိုလည်း ပြန်ခေါ်တဲ့စာတွေထုတ်ဖူးတယ်။ဒါတွေကိုကြည့်ရင် သူတို့ရှုံးတော့မယ်ဆိုတာသိသာပါတယ်။လက်ရှိတာ ဝန်ထမ်းဆောင်နေတဲ့ တပ်ကလူတွေကိုလည်း အသက်ကို ဉာဏ်စောင့်တယ်လို့ပြောချင်တယ်။ နီးစပ်ရာ တော်လှန် ရေးအဖွဲ့တွေကို ဆက်သွယ်ပါ။အလင်းဝင်ကြပါ"ဟု ထိုဖြစ်စဥ်များအပေါ် CDM ဗိုလ်ကြီးတဦးက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ယခုလပိုင်းများအတွင်း စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးအင်အားစုများအကြားဖြစ်ပွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်သားများဘက်မှ လက်နက် ချအညံ့ခံခြင်း၊ စခန်းစွန့်ခွာထွက်ပြေးခြင်း၊ တော်လှန်ရေးအင်အားစုများထံ CDM ဝင်ရောက်လာခြင်း စသည့် ဖြစ်ရပ်များ အများအပြားဖြစ်ပေါ်လာပြီးနောက် စစ်ကောင်စီက ထိုလုပ်ရပ် ပြုလုပ်လာခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly