တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ ယနေ့သွားရောက်

တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ ယနေ့သွားရောက်
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံသို့ သုံးရက်တာခရီးစဉ်အဖြစ် မေ ၂၅ ရက်တွင် စတင်လိုက်သည်။ 

ထိုင်းနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘုရင်အကြံပေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး ပရမ်တင်ဆူလန်နွန်ဒါ၊ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် စစ်ဖက်ထိပ်တန်းအရာရှိကြီးများနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ငါးခုကျော်အတွင်း ပထမဆုံးအရပ်သားအစိုးရ ရွေးကောက်တင်မြှောက်နိုင်ကာ စစ်အုပ်ချုပ်ရေးမှ နိုင်ငံရေးအသွင်ကူးပြောင်းခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရာထူးတာဝန်အား နောက်ထပ်ငါးနှစ်ဆက်လက်ထမ်းဆောင်မည်ဖြစ်ပြီး နိုင်ငံ၏ အာဏာတွင် လုပ်ပိုင်ခွင့်ရှိနေဆဲလည်းဖြစ်သည်။

အထက်ပါဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခရီးစဉ်နှင့် ပတ်သက်ပြီး ထိုင်းအာဏာသိမ်းစစ်အစိုးရက အသေးစိတ်ထုတ်ပြန်ခြင်းမရှိသော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းလောင်လှိုင်သည် ယနေ့ မေ ၂၅ ရက်၌ စစ်ဦးစီးချုပ် ခိုတီရာနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဗိုလ်ချုပ်ကြီးပရာယွတ်နှင့် ဒုတိယဝန်ကြီးချုပ် တန်နာဆက်ပတ်တမ်မာပရာဂွန်နှင့် မနက်ဖြန် မေ ၂၆ ရက်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်တစ်ရပ်က ဘန်ကောက်ပို့စ်သို့ ပြောသည်။

"သူ့ရဲ့ ခရီးစဉ်က ခိုင်မာတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပြသတာပဲဖြစ်ပါတယ်။"ဟု ယင်းသတင်းရင်းမြစ်က ဆိုသည်။

ယခုခရီးစဉ်သည် ဖွဲ့စည်းပုံတွင် ဖော်ပြထားသည့် အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရေးရာကိစ္စရပ်များတွင် တပ်မတော်၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြသနေကြောင်း နာရီဆွန်တက္ကသိုလ်မှ မြန်မာပညာရှင် ဝီရတ်နီယွမ်တမ်က ပြောသည်။

"နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အနောက်နိုင်ငံတွေနဲ့ ပိုရင်းနှီးအောင် ဖော်ဆောင်နေသလို စစ်တပ်အနေနဲ့က အာဆီယံ စစ်တပ်တွေနဲ့ ဆက်ဆံရေးခိုင်မြဲအောင် လုပ်ဆောင်နေတာပဲဖြစ်တယ်။"ဟု ဝီရတ်က ပြောသည်။

ယခုလအစောပိုင်းက မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ သွားရောက်ခဲ့ကာ ဗီယက်ကျန်းမြို့တော်တွင် လာအိုသမ္မတ Bounhang Vorachith နှင့် တွေ့ဆုံခဲ့သည်။

လက်ရှိ အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်နေသည့် လာအိုနိုင်ငံသို့ အဆိုပါ ခရီးစဉ်သည် မြန်မာနိုင်ငံ၏ အာဆီယံအပေါ် အလေးထားမှုကို ပြသနေကြောင်း၊ သို့သော် ယခုကာကွယ်ရေးဦးစီးချုပ်၏ ထိုင်းခရီးစဉ်သည် ထိုင်းနိုင်ငံသို့ သမ္မတကိုယ်စားလှယ်အဖွဲ့ လာရောက်ဖြစ်မည့် အကြိုလမ်းကြောင်းတစ်ရပ် ဖြစ်မဖြစ်က မကျိန်းသေကြောင်း ဝီရတ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly