ဆားလင်းကြီးတွင် ရဲတပ်သား ၁ဦး သေနတ် ၂ လက်နှင့်အတူ PDFထံ အလင်းဝင်

By လွှမ်းမိုး(မဇ္ဈိမ)
08 December 2023
ဆားလင်းကြီးတွင် ရဲတပ်သား ၁ဦး သေနတ် ၂ လက်နှင့်အတူ PDFထံ အလင်းဝင်
ရဲတပ်သားဝေလျှံကျော်(ယာ)နှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး ၊ ဓာတ်ပုံ/ သမန်းကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့တွင် ရဲတပ်သားတဦးက  သေနတ်နှစ်လက်နှင့် ခဲယမ်းများယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ထံချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာသည်။

ဆားလင်းကြီးမြို့မရဲစခန်းတွင် တာဝန်ကျနေသည့် ရဲတပ်သားဝေလျှံကျော်သည် ဒီဇင်ဘာ ၆ ရက် ည ၈ နာရီခွဲခန့်တွင် ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဟု သမန်းကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“ ရဲတပ်စခန်းထဲမှာ ဖဲရိုက်တယ်။ သောက်စားပြီးရင် အနိုင်ကျင့်ဗိုလ်လုပ်ကြတယ်။ မူးပြီးရင် ပြည်သူတွေဆီကနေ ငွေညှစ်တာတွေ ရှိတယ်။ ဒါတွေ ဆက်သည်းမခံနိုင်တာနဲ့ လစ်တဲ့အချိန် နိုင်သလောက်ယူပြီး ထွက်ပြေးခဲ့တာ” ဟု ရဲတပ်သားဝေလျှံကျော်က ပြောသည်။

ရဲစခန်းမှ ထွက်ပြေးရန် ကြိုးစားနေသည်မှာ ကြာပြီဖြစ်ပြီး စစ်ဆေးရေးတာဝန်ကျနေစဉ် ပြည်သူတဦး၏ ဖုန်းထဲမှရသော PDFရဲဘော်များ၏ ဖုန်းနံပတ်များမှတဆင့် ချိတ်ဆက်ကာ အလင်းဝင်လာခြင်းဟု ၎င်းက ဆိုသည်။

ရဲတပ်သားဝေလျှံကျော်က  G-3  သေနတ်တလက် ၊ MA- 4 သေနတ် တလက် ၊ ကျည်ဘောက် ခြောက်ခု ၊G-3 ကျည် ၁၈၁ တောင့် ၊ MA-4 ကျည် ၅၃၆ တောင့် ၊ အီနာဂါဗုံးခြောက်လုံးနှင့် ဆက်စပ်ပစ္စည်းအချို့ယူဆောင်လာခဲ့သည်ဟု သိရသည်။

၎င်းကို ဆုကြေးငွေ သိန်း၅၀ ဆုချီးမြှင့်မည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်သို့ အမြန်ခိုလှုံကြရန် သမန်းကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက တိုက်တွန်းသည်။

ပြီးခဲ့သည့် ဩဂုတ်လကလည်း  ဝမ်ပေါင်ကုမ္မဏီတွင် လုံခြုံရေးတာဝန်ကျသည့် ရဲတပ်သားတဦးသည် သမန်းကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ သေနတ်နှစ်လက်နှင့်အတူ အလင်းဝင်လာခဲ့သည်။

စစ်ကိုင်းတိုင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံကြရန် တိုင်းအတွင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက အသီးသီး ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly