လက်နက်ချ စစ်ကောင်စီတပ်သားများအား ကြိုဆိုဆက်ဆံမှုအပေါ် ကျေးဇူးတင်ကြောင်း ခလရ (၈၄) ဒုတပ်ရင်းမှူး ပြော

By YT(မဇ္ဈိမ)
10 December 2023
လက်နက်ချ စစ်ကောင်စီတပ်သားများအား ကြိုဆိုဆက်ဆံမှုအပေါ် ကျေးဇူးတင်ကြောင်း ခလရ (၈၄) ဒုတပ်ရင်းမှူး ပြော
ပုံအညွှန်း- ခလရ (၈၄) ဒု- တပ်ရင်းမှူး ဗိုလ်မှူး ကျော်လက်ခိုင်

ပဲခူးတိုင်း၊ မုန်းမြို့နယ်၌ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း လက်နက်ချခဲ့သည့် စစ်ကောင်စီ တပ်သားများအား နွေးထွေးစွာကြိုဆိုပေးမှုအပေါ် ကျေးဇူးတင်ကြောင်း လက်နက်ချရာတွင် ဦးဆောင်ခဲ့ သည့် ခလရ(၈၄) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်လက်ခိုင်က ပြောသည်။

မုန်းမြို့တိုက်ပွဲအတွင်း KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချခဲ့သည့် ခလရ(၈၄) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်လက်ခိုင်နှင့် တပ်ခွဲမှူးဗိုလ်ကြီးအာကာစိုး၊ ဆအတ (၂) မှ အင်ဂျင်နီယာဗိုလ်ကြီး နိုင်နိုင်ထွန်း တို့၏ ပြောကြားချက်များကို KNLA ဌာနချုပ်ကထုတ်ပြန်ရာတွင် ဗိုလ်မှူးကျော်လက်ခိုင်က အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီမှာ ကျွန်တော်တို့ တွေ့ရတဲ့အနေအထားမှာတော့ အဖွဲ့တွေက ကျွန်တော်တို့ကို နွေးနွေးထွေးထွေးပဲ လိုလိုလားလားနဲ့ ထိခိုက်ဆုံးရှုံးမှုမများအောင် ဟိုဘက်ဒီဘက် ထိခိုက်ဆုံးရှုံးမှုမများအောင် ဆုံးဖြတ်နိုင်ခဲ့ အတွက်လည်း ကျွန်တော်တို့ကို နွေးနွေးထွေးထွေးကြိုဆိုပြီး လိုလေသေးမရှိအောင် စားဝတ်နေရေးက အစ လိုလေသေးမရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ သူတို့ဆီမှာရှိတဲ့ဟာနဲ့ အလုံလောက်ဆုံးဖြစ် အောင် ဆောင်ရွက်ပေးပါတယ်။ ဒီလို တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးတဲ့အတွက်လည်း ဒီက တာဝန် ရှိတဲ့သူတွေကို ကျေးဇူးတင်ပါတယ်” ဟု ဗိုလ်မှူး ကျော်လက်ခိုင်က ပြောသည်။

၎င်းအပါအဝင် ခလရ(၈၄)မှ စစ်ကောင်စီတပ်သား ၂၂ ဦးသည် တိုက်ပွဲ ပြင်းထန်ခဲ့သည့် မုန်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၅၉၀)သို့ စစ်ကူအနေဖြင့် ဒီဇင်ဘာလ ၃ ရက် နေ့တွင် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခံ ခဲ့ရခြင်းဖြစ်ကြောင်း ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်လက်ခိုင်ကပြောသည်။

ခမရ (၅၉၀) သို့ စစ်ကူအဖြစ် ရောက်ပြီး လေးနာရီအကြာတွင် KNLA ၊ PDF ၊ BPLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ငါးဦးနှင့် ရဲမေများ ထိခိုက် မှုရှိလာခဲ့ရာမှ တပ်ဆုတ်ခဲ့ပြီးနောက် ၎င်းကဦးဆောင်၍ လက်နက်ချခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်သားများအား စည်းမျဉ်းစည်းကမ်းနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်ထားပြီး မေးမြန်းမှုအချို့ပြုလုပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ ဒု- စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက မဇ္ဈိမ ကို ပြောသည်။

“အဓိကအားဖြင့်တော့ သူတို့ကို အမြင်မှန်ရပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ အဓိကထားပါ တယ်ဗျ။ လောလောဆယ်ကတော့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပြီးတော့ မေးမြန်းတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ပြန်တိုက်ဖို့ ဘာဖို့ကတော့ ပြောထားတာတော့ မရှိပါဘူး သူတို့တွေကတော့ လောလော ဆယ် လက်နက်ချတယ်၊ ပူးပေါင်းတယ် ဒီလောက်ပဲရှိပါသေးတယ်။ သူတို့ကို စိတ်ပိုင်းဆိုင်ရာအရရော ပြန်ပြီးတော့ ပြောဆိုဆွေးနွေးဖို့ အချိန်လိုပါသေးတယ်” ဟု ရဲဘော်တင်ဦးက ပြောသည်။

ထို့ပြင် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များ၏ မေးမြန်းချက်အရ စစ်ကောင်စီတပ်ဘက်တွင် အက်အားချိနဲ့ နေပြီဖြစ်ပြီး စစ်ကောင်စီတပ်သားများသည် တော်လှန်ရေးအင်အားစုများနှင့် ပတ်သက်၍ မှားယွင်းသည့် အသိများအပါအဝင် လိမ်ညာ ဝါဒဖြန့်မှုများ ရိုက်သွင်းခံထားရကြောင်း ရဲဘော်တင်ဦးကဆိုသည်။

“ကျွန်တော်တို့ဆီ ပူးပေါင်းလာတဲ့သူတွေ၊ လက်နက်ချလာတဲ့သူတွေရဲ့ ပြောပြချက်အရတော့ စစ်ကောင်စီတပ်တွေ အင်အားချိနဲ့နေတဲ့ကိစ္စတွေ၊ နောက်ပြီး သူတို့ လိမ်ညာဝါဒဖြန့်ထားတဲ့ကိစ္စတွေ၊ ဒါတွေ သိရပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ မှားယွင်းတဲ့အသိတွေပေါ့နော်၊ အခု လက်တွေ့ကြုံရတဲ့အခါမှာ သူတို့ မှားကြောင်းတော့ သိမြင်လာတာ တွေ ရှိပါတယ်" ဟု ရဲဘော်တင်ဦးက မဇ္ဈိမကိုပြောသည်။

မုန်းမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချရာ ခမရ(၅၉၉)၊ ခမရ(၅၉၀)၊ မုန်းသာစည်တံတားဂိတ်စခန်း၊ ကော့ပြင်းစခန်း၊ မုန်းမြို့မရဲစခန်းတို့အား KNLA ပူးပေါင်းတပ်ဖွဲ့များက  ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်းတွင် တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက် ထိန်းချုပ် နိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ပွဲများအတွင်း  စစ်ကောင်စီတပ်သား ၁၂၀ ဦးသေဆုံး၍ ၅၀ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို၏ ဒီဇင်ဘာလ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly