ငါန်းဇွန်တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးပစ်ခတ်ခံရ၍ သေဆုံး

By 007(မဇ္စျိမ)
10 December 2023
ငါန်းဇွန်တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးပစ်ခတ်ခံရ၍ သေဆုံး
ပုံစာ ငါန်းဇွန်မြို့အဝင်ဆိုင်းဘုတ်(ပုံဟောင်း) Photo CJ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဂျွန်းကန်အနောက်ကျေးရွာ ဆယ်အိမ်မှူးနှင့် မြို့သာ(အရှေ့) ကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်ဆိုသူတို့ ဒီဇင်ဘာလ ၇ ရက်နေ့က ပစ်ခတ်ခံ ရ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“စကစ(စစ်ကောင်စီတပ်)နဲ့ အဆက်အသွယ်လုပ်နေလို့ ခဏခဏ သတိပေးခံနေရတာကနေ အဲဒီနေ့က ပစ်သတ်ခံလိုက်ရတာ” ဟု မြင်းခြံဒေသခံ တော်လှန်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

ပစ်ခတ်ခံရသူနှစ်ဦးမှာ တော်လှန်ရေးရဲဘော်များ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံရမှုဖြစ်စဉ်များတွင် ပါဝင် နေသူများဖြစ်သည်ဟုလည်း ဆိုသည်။

“နှစ်ယောက်စလုံံးကို ခေါင်းတွေချည်း ပစ်သွားတာ” ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။

ငါန်းဇွန်မြို့နယ်၊ ဂျွန်းကန်ကျေးရွာအုပ်စု၊ ဂျွန်းကန်အနောက်ကျေးရွာနေ အသက် ၅၉ နှစ်အရွယ်  ဆယ် အိမ်မှူး ဦးသိန်းမြင့်သည် ၎င်းပိုင် လျှော်ဖြူစိုက်ခင်းအတွင်း အလုပ်လုပ်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး၊ မြို့သာ(အရှေ့)ကျေးရွာ၊ အမှတ်(၄)ရပ်ကွက်နေ အသက် ၆၃ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်မြင့်အောင်ဆိုသူသည် မြို့သာစျေးအတွင်းရှိ ၎င်းပိုင်စျေးဆိုင်ခန်းအတွင်း ထိုင်နေစဉ် ပစ်ခတ်ခံရ ခြင်းဖြစ်ကာ ပစ်ခတ်ခံရသူ နှစ်ဦးစလုံး နေရာတွင်ပင် သေဆုံးသွားသည်ဟု စစ်ကောင်စီ၏ အာ‌ဘော်များ ကို ရေးသားပေးနေသည့် တယ်လီဂရန်ချန်နယ်များက ရေးသားထားကြသည်။

ယင်းပစ်ခတ်မှုများအား မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း  ငါန်းဇွန်မြို့နယ် မိုးထောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသက်ခိုင် ဆိုသူ လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ်ပစ်သတ်ခံရမှု ဖြစ်ပွါးခဲ့သေးသည်။

“စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးခေါင်းဆောင်တဦးဖြစ်သဖြင့် ရှင်းလင်း ခဲ့ခြင်းဖြစ်သည်ဟု” ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ငါန်းဇွန်တပ်ရင်း(၆) တပ်ခွဲ(၁) နောင်ရိုးတာဝန်ခံ ဦးဆံရှည် က မဇ္စျိမကိုပြောသည်။

စာတည်း ။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly