မြန်မာဒုက္ခသည်တွေအတွက် ကုလအရေးပေါ်ရံပုံငွေမှ ဒေါ်လာ ၇ သန်းထောက်ပံ့မည်ဟုဆို

By မဇ္ဈိမ 
06 December 2023
မြန်မာဒုက္ခသည်တွေအတွက် ကုလအရေးပေါ်ရံပုံငွေမှ ဒေါ်လာ ၇ သန်းထောက်ပံ့မည်ဟုဆို

မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေ‌ကြောင့် နေရပ်စွန့်ခွာပြေးကြရတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ကုလသမဂ္ဂ အရေးပေါ်တုံ့ပြန်ကူညီရေးဗဟိုအဖွဲ့ကနေ အမေရိကန်ဒေါ်လာ ၇ သန်း ကူညီသွားမယ်လို့ ကုလ လူသားချင်းစာနာကူညီမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Martin Grififiths က ကြေညာလိုက်ပါတယ်။

ကူညီရေးအတွက် အခက်အခဲတွေအတော်များများရှိနေတဲ့ကြားကပဲ မရှိမဖြစ်လိုအပ်တဲ့ လူသားစာနာမှုအကူအညီတွေကို နည်းလမ်းအမျိုးမျိုးသုံးပြီး ကူညီနေတယ်လို့လည်း ဆိုပါတယ်။

အရှိန်မြင့်လာနေတဲ့တိုက်ပွဲတွေကြောင့် လူဦးရေ ၅ သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးကြရပြီး ယခင်ကရှိပြီးသား အိုးအိမ်စွန့်ခွာပြေးရတဲ့ ဒုက္ခသည် ၂ သန်းထက် ပိုလာတဲ့အရေအတွက်ဖြစ်ပါတယ်လို့ ကုလ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ Stéphane Dujarric ပြောကြားခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့အောက်တိုလကုန်ပိုင်းကတည်း တိုက်ပွဲတွေ အရှိန်မြှင့်လာပြီး ရှမ်းပြည်မြောက်ပိုင်းကနေ ရခိုင်ပြည်နယ် မြန်မာပြည်အနောက်မြောက်ပိုင်း အရှေ့တောင်ပိုင်း ဒေသတွေအထိ တိုက်ပွဲတွေ ကျယ်ပြန်လာခဲ့ပါတယ်။ 

အခုလို အရေးပေါ်တုံ့ပြန်ကူညီရေးဗဟိုအဖွဲ့ရဲ့ ဒီ ရံပုံငွေတွေဟာ ပဋိပက္ခကြားထဲက ပြည်သူတွေရဲ့အသက်ကိုကယ်တင်နေတဲ့ လူသားချင်းစာနာမှုအဖွဲ့အစည်းတွေအတွက် အထောက်အကူဖြစ်စေမယ်လို့လည်း ကုလ ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေး စစ်ဆင်ရေးတွေနဲ့အတူပဲ နိုင်ငံအဝှမ်းနေရာအတော်များများမှာ လက်နက်ကိုင်ပဋိပက္ခတွေ ကျယ်ပြန့်လာတာနဲ့အတူပဲ လူသားစာနာမှုအကူအညီတွေ ပိုပြီးလိုအပ်နေတယ်လို့လည်းဆိုပါတယ်။

ပြင်းထန်လာတဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူဦးရေ (၅)သိန်းကျော်ရှိနေကြောင်း UN Myanmar က  ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေးဝန်ဆောင်မှု နဲ့ အရပ်သားဘေးကင်းလုံခြုံမှုစတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများ လိုအပ်နေကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

UN Myanmar ရဲ့  ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အရ အောက်တိုဘာလ(၂၆)ရက်မှ နိုဝင်ဘာလ(၂၂) ရက်အထိ နေရပ်စွန့်ခွာသူ(၃၃၅၀၀၀)နီးပါးရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါကာလအတွင်း ရှမ်းပြည်နယ် အပါအဝင် စစ်ကိုင်း၊ ကယား၊ ရခိုင်၊ ချင်း၊ မွန်၊ ကရင်၊ ပဲခူး နဲ့ မန္တလေးတို့မှာ ပဋိပက္ခဖြစ်ပွားမှု အရှိန်မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ(၉)ရက်အထိ ကုလသမဂ္ဂရဲ့  နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာ သူဦးရေ(၂)သန်းကျော်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly