အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိတိုက်ပွဲဝင်မည်ဟု သစ္စာပြုသည့် ရွာပေါင်းစုံသပိတ်

By ပါခွီး(မဇ္စျိမ)
13 October 2023
အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိတိုက်ပွဲဝင်မည်ဟု သစ္စာပြုသည့် ရွာပေါင်းစုံသပိတ်
ပုံအညွှန်း - ယနေ့ ချီတက်ဆန္ဒပြခဲ့သော ရွာပေါင်းစုံသပိတ်  ဓါတ်ပုံ / ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး  ၉၃၄ ရက်မြောက်သပိတ်ကို ယနေ့ အောက်တိုဘာလ ၁၃ရက်တွင် ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများဖြင့် ဟစ်ကြွေးချီတက်ခဲ့ကြသည်။ အောက်တိုဘာလ ၉ ရက်က စစ်ကောင်စီက တိုက်ခိုက်၍ လူ၂၉ဦးထက်မနည်း သေဆုံးခဲ့သည့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းဖြစ်ရပ်အတွက်လည်း ဝမ်းနည်းရကြောင်း ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

" ကျွန်တော်တို့ရဲ့ သွေးချင်းညီကိုမောင်နှမတွေ ဖြစ်တဲ့ မုန်လိုင်ခက်က ကျဆုံးပြည်သူတွေ အားလုံးအတွက် ရွာပေါင်းစုံသပိတ်နှင့် လူထုအားလုံးမှ အထူးဝမ်းနည်း ကြေကွဲရပါတယ်ခင်ဗျာ။ ဒါကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားပါမယ်လို့ ကတိသစ္စာ ပြုပါတယ်"ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယနေ့သည် ၉၃၄ ရက်မြောက်ဖြစ်ကြောင်းသိရသည်။ ယနေ့ သပိတ်တွင် စစ်အာဏာရှင်ကိုတော်လှန်ရင်း  ကျဆုံးသွားသည့် အာဇာနည်များကို အလေးပြုကာ ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြသည်။

 

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။   ။ အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required