မုန်လိုင်ခက်ကျဆုံးသူများအတွက် ဝမ်းနည်းခြင်းဖြင့် ချီတက်ခဲ့သည့် ရွာပေါင်းစုံ သပိတ်

By ပါခွီး(မဇ္စျိမ)
15 October 2023
မုန်လိုင်ခက်ကျဆုံးသူများအတွက် ဝမ်းနည်းခြင်းဖြင့် ချီတက်ခဲ့သည့် ရွာပေါင်းစုံ သပိတ်
ပုံအညွှန်း - ယနေ့ ချီတက်ဆန္ဒပြခဲ့သော ရွာပေါင်းစုံသပိတ် ဓါတ်ပုံ - ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထားသည့် ရွာပေါင်းစုံ သပိတ်ကော်မတီ က မုန်လိုင်ခက် စစ်ဘေးရှောင်ပြည်သူများကျဆုံးခြင်းအတွက် ဝမ်းနည်းခြင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ပွဲကို  ယနေ့ အောက်တိုဘာလ ၁၅ရက်တွင် ပြုလုပ်ခဲ့ကြသည်။

အောက်တိုဘာလ ၉ရက်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့သဖြင့် လူ ၂၉ဦးထက် မနည်း သေဆုံးခဲ့ရသည့် ကချင်ပြည်နယ် ၊ လိုင်ဇာမြို့ ၊ မုန်လိုင်ခက် စစ်ဘေးရှောင် စခန်း ဖြစ်ရပ်အတွက် ဝမ်းနည်းရကြောင်း ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်သည်ဟု သပိတ်ကော်မတီက ဆိုသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်ပြီး သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကာ ကျဆုံးခဲ့သည့်အာဇာနည်များကို အလေးပြုခဲ့ကြသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၃၆ ရက်မြောက်ဖြစ်ကြောင်းသိရသည်။

 စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required