ချင်းပြည်ကောင်စီက ရက် ၆၀အတွင်း ချင်းအစိုးရဖွဲ့မည်

By ပါခွီး(မဇ္စျိမ)
08 December 2023
ချင်းပြည်ကောင်စီက ရက် ၆၀အတွင်း ချင်းအစိုးရဖွဲ့မည်

ချင်းပြည် အစိုးရ ၊ လွှတ်တော်နှင့် တရားလွှတ်တော်ချုပ်တို့ကို ရက်ပေါင်း၆၀အတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ချင်းပြည် (Chinland) ကောင်စီက ယမန်နေ့ ဒီဇင်ဘာလ ၇ရက်တွင် ထုတ်ပြန်သည်။

“ကျနော်တို့ အုပ်ချုပ်ရေးယန္တရားဖြစ်တဲ့ အစိုးရနဲ့လွှတ်တော်ကို ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့်ဆိုပြီး ဖွဲ့စည်းသွားဖို့ရှိပါမယ်။ ဒါဟာ ချင်းပြည်သမိုင်းမှာ ပထမဆုံး အကြိမ် ပြည်သူတွေ ပါဝင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာ မှာဖြစ်ပါတယ်” ဟု ချင်းကောင်းစီ တွဲဖက်အတွင်းရေးမှူး(၁) ဆလိုင်းထက်နီ က မဇ္စျိမ ကိုပြောသည်။

အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများခန့်အပ်ရာတွင် ကောင်စီအဖွဲ့ဝင်များဖြစ်သော ချင်းအမျိုးသားတပ်ဦးမှ ငါးဦး ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်ကိုးဦးနှင့် မြို့နယ်နှင့် ဒေသအဖွဲ့များမှ ၁၇ဦးပါဝင်သော ရွေးချယ်တင်မြှောက်ရေးကော်မတီမှ ဆောင်ရွက်မည်ဖြစ်ကြောင်း ဖွဲ့စည်းပုံတွင်ဖော်ပြထားသည်။

ချင်းပြည်ကောင်စီ ညီလာခံက ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီဇင်ဘာလ၆ရက် နံနက် ၁၁နာရီ ၃၃မိနစ်တွင် အတည်ပြုခဲ့ပြီးနောက် မွန်းလွဲ ၁နာရီ ၂၇မိနစ်တွင် ချင်းကောင်စီကိုအတည်ပြုခဲ့ခြင်းဖြစ်သည်။

အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည်တည်ဆောက်ရန် ၊ နိုင်ငံရေးနှင့် အမျိုးသားတန်းတူရေးအာမခံချက်ရှိသောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်နှင့် ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့သည် ချင်းပြည်ကောင်စီ ရည်မှန်ချက်များဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ချင်းပြည်ကောင်စီညီလာခံကို ဒီဇင်ဘာလ ၄ရက်မှ ၇ရက်နေ့အထိ Victoria Base ချင်းလဲန်းတွင် ချင်းအမျိုးသားတပ်ဦး ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအစုအဖွဲ့မှကိုယ်စားလှယ်များအပါအဝင် ပြည်တွင်းပြည်ပမှဧည်သည် ၂၃၅ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ယင်းညီလာခံကို ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC/CDF Mindat ၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF Zoland) တို့က တက်ရောက်မည်မဟုတ်ကြောင်း ဒီဇင်ဘာလ ၅ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ညီလာခံသည် ဒီမိုကရေစီစံနှုန်းနှင့်မကိုက်ညီသည့်အပြင် တန်းတူညီမျှရေးမရှိသော ကြောင့် ချင်းအမျိုးသားတရပ်လုံး၏ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်းလည်း ထိုထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ချင်းကောင်စီတွင်မပါဝင်သော အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းရေးအဖွဲ့က ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောကြားခဲ့သည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်သည် တပ်ထိုင်သည်မြို့ပေါ်တွင်သာ ရှိပြီး ကျန်ဒေသများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly