NUG နိုင်ငံခြားဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်လွှတ်တော်မှာ ဆွေးနွေးပွဲပြုလုပ်

By မဇ္ဈိမ 
22 November 2023
NUG နိုင်ငံခြားဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်လွှတ်တော်မှာ ဆွေးနွေးပွဲပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ  ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ရောက်ရှိနေပြီး  “ဂျပန်-မြန်မာဆက်ဆံရေး- အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဂျပန်လွှတ်တော်အမတ်များရုံးမှာ  နိုဝင်ဘာ ၂၁ ရက်နေ့က ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဂျပန်အစိုးရအနေနဲ့ စစ်ကောင်စီကို ဆက်ဆံရန်ချမှတ်ထားတဲ့ အချက် ၃ ချက်ကို ဆက်လက်ကိုင်ထားပြီး စစ်ကောင်စီအား ဆက်လက်အသိအမှတ်မပြုပေးရေး၊ အာဆီယံအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းကာ စစ်ကောင်စီကို ပြည်သူ့အစိုးရထံ အာဏာပြန်လွှဲပေးရေး ပိုမိုဖိအားပေးဖို့ တင်ပြဆွေးခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ၁၀၂၇ စစ်ဆင်ရေး၊ စတင်ခဲ့တဲ့ ၂၅ ရက်အတွင်း မြို့ပေါင်း ၁၅၀ ကျော် မြို့ သိမ်းတိုက်ပွဲတွေ အောင်ပွဲရနေမှုအပေါ် ဂျပန်အပါအဝင် နိုင်ငံတကာက စိတ်ဝင်စားနေကြပြီး အသိအမှတ်လည်း ပြုကြကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဆွေးနွေးပွဲအတွင်းထည့်သွင်းဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို ပံ့ပိုးကူညီသော လွှတ်တော်အမတ်များသမဂ္ဂဥက္ကဋ္ဌ မစ္စတာ Nakagawa Masaharu ကလည်း လက်ရှိ မြန်မာနိုင်ငံ မြောက်ပိုင်းအပါအဝင် မြို့သိမ်းတိုက်ပွဲများအပေါ် အသိအမှတ်ပြုပေမဲ့ စစ်ကောင်စီရဲ့ မြန်မာပြည်တွေအပေါ် ပိုမိုရက်စက်စွာ အကြမ်းဖက်လာမှာ စိုးရိမ်မိကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဂျပန်အစိုးရအနေနဲ့ တရားဝင်အသိအမှတ်ပြုဆက်ဆံလာဖို့ အထူး ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေး အစိုးရ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို ပံ့ပိုးကူညီသော လွှတ်တော်အမတ်များသမဂ္ဂက ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး NUG ဂျပန်ကိုယ်စားလှယ် ၊ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့တောင်အာရှညွှန်ကြားရေးမှူး၊ ဂျပန်လွှတ်တော်အမတ်တွေ၊ မြန်မာ့ဒီမိုကရေစီအရေး အားပေးကူညီနေသော ဂျပန်အဖွဲ့အစည်းတွေ၊ ဂျပန်သတင်းဌာနတွေနဲ့ ဂျပန်နိုင်ငံရှိ နွေဦးတော်လှန်ရေးအင်အားစုတွေတက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ဂျပန်လွှတ်တော်အနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုရေးအဆိုကို အတည်ပြုပေးနိုင်ခဲ့တာ၊ ဂျပန်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေနဲ့ တောက်လျှောက်အတူ ရပ်တည်ပေးနေတာတွေကို မြန်မာနိုင်ငံသားများကိုယ်စား ကျေးဇူးအထူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာတဲ့ အကူအညီထောက်ပံ့မှုတွေကို စစ်ကောင်စီမှတဆင့် မပေးအပ်ဘဲ ပြည်သူလူထုဆီ တိုက်ရိုက်ရောက်စေမယ့် နည်းလမ်းတွေ သုံးစေချင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဆွေးနွေးတင်ပြခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲကို တိုကျိုမြို့ မှာ နိုဝင်ဘာ ၁၉ ရက် ညနေက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံသားများတွေ့ဆုံကာ မြန်မာ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံကို ရောက်ရှိနေစဉ်အတွင်း လက်ရှိမြန်မာနိုင်ငံအတွင်း ပြည်သူလူထု ကြုံတွေ့ခံစားနေရသော ပကတိအခြေအနေမှန်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေနဲ့လည်း တွေ့ဆုံဆွေးနွေး ရှင်းလင်းတင်ပြသွားမယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့ ကလည်း  မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးတဲ့ လွှတ်တော်အမတ်များသမဂ္ဂ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ကို ဝန်ကြီးဒေါ်ဇင်မာအောင် သွားရောက် တွေ့ဆုံကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွဲကာ ကူညီဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ နိုဝင်ဘာ ၂၆ ရက်မှာ အိုဆာကာမြို့ရှိ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required